ပြည်မြို့တွင် ကျင်းပမည့် ရှိုးပွဲကို ကိုယ်တိုင်ဆိုင်ကယ်မောင်းပြီး သွားသည့် အဆိုတော်ဇော်ဝင်းထွဋ်

ပြည်မြို့တွင် ကျင်းပမည့် ရှိုးပွဲကို ကိုယ်တိုင်ဆိုင်ကယ်မောင်းပြီး သွားသည့် အဆိုတော်ဇော်ဝင်းထွဋ်
ဓာတ်ပုံ-EMPEROR Fan Club

အဆိုတော် ဇော်ဝင်းထွဋ်သည် မတ်လ ၁၈ရက်တွင် ပြည်မြို့၌ ကျင်းပမည့် Ayeyarwaddy Rock Night ရှိုးပွဲအတွက် မတ်လ ၁၇ရက်တွင် ကိုယ်တိုင် ဆိုင်ကယ်မောင်းနှင်ပြီး ပြည်မြို့သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

ထိုဆိုင်ကယ်ခရီးစဉ်တွင် ရန်ကုန်မြို့အပြင် အနယ်နယ်အရပ်ရပ်မှ biker များလည်း ပါဝင်သလို အဆိုတော် ဇော်ဝင်းထွဋ် နှင့်အတူ ဆိုင်ကယ်များဖြင့် မတ်လ ၁၇ရက် နံနက်ပိုင်းတွင် ပြည်မြို့သို့ ထွက်ခွာသွားကြပြီ ဖြစ်သည်။

အဆိုတော် ဇော်ဝင်းထွဋ် နှင့်အတူ biker များသည် ကြို့ပင်ကောက်တွင် အခြားအနယ်နယ်အရပ်ရပ်မှ Biker များနှင့် တွေ့ဆုံပြီး Ayeyarwaddy Rock Night ၏ ဆိုင်ကယ်စီး ခရီးစဉ်ကို စတင်မည်ဖြစ်ကာ အင်းမတွင် ခေတ္တနားရင်း ပရိတ်သတ်များနှင့်လည်း တွေ့ဆုံသွားမည်ဟု သိရသည်။

ယင်းနောက်တွင် မန္တလေး၊ ရန်ကုန်၊ ပြည်မြို့ နှင့် အခြားမြို့များမှ ဆိုင်ကယ် ချစ်သူများ၏ ဆိုင်ကယ် အစီးရေ ၅၀ကျော်ခန့် နှင့်အတူ အဆိုတော် ဇော်ဝင်းထွဋ်ကိုယ်တိုင်   ပြည်မြို့ထိ   မောင်းနှင်စီးနင်းမည်ဖြစ်ပြီး ပြည်မြို့အတွင်း သတ်မှတ် လမ်းကြောင်းတွေ အတိုင်း ဆိုင်ကယ်များမှ မြို့တပတ် မောင်းနှင်သွားမည်ဖြစ်သည်။ ဆိုင်ကယ်များကို ပြည်မြို့ တံတားကြီးပေါ် ဖြတ်သန်းမောင်းနှင်ပြီး ခရီးစဉ်ပြီးဆုံးဖြစ်သည်။

ပြည်မြို့တွင် ကျင်းပမည့် Ayeyarwaddy Rock Night ရှိုးပွဲသည် အဆိုတော် ဇော်ဝင်းထွဋ်၏ နှစ်ပေါင်း ၂၀ကျော် အတွင်း ပထမဆုံး ပြန်လည်ဖျော်ဖြေသည့် ပွဲလည်းဖြစ်သလို ဆိုင်ကယ်ခရီးစဉ်သည်လည်း ပြည်မြို့တွင် ပထမဆုံးဆိုင်ကယ် အစီးရေအများဆုံးနှင့် ပြုလုပ်ခြင်း ဖြစ်သည်။

Ayeyarwaddy Rock Night ရှိုးပွဲကို မတ်လ ၁၈ရက်တွင် ပြည်မြို့ရှိ မင်္ဂလာရွှေပြည်အားကစားကွင်း၌ ညနေ ၆နာရီမှ စတင်ပြီးကျင်းပမည်ဖြစ်ကာ အဆိုတော် ဇော်ဝင်းထွဋ် နှင့်အတူ ဂျီလတ်၊ ဝေလ၊ ကော်နီ၊ ဖြူဖြူကျော်သိန်းတို့လည်း ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။

အဆိုပါ ဖျော်ဖြေပွဲအတွက် လက်မှတ်များကို FREE STANDING ကို ၈၀၀၀ ကျပ် (ရိုးရိုးတန်း)၊ VIP ကို ၂၅၀၀၀ ကျပ် (ထိုင်ခုံ) နှင့် Limited Edition ကိုတော့ ၃၀၀၀၀ ကျပ် (အသောက်အစားပါဝင် သီးသန့်စင်မြင့်) ဖြင့် သတ်မှတ်ရောင်းချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly