အစိုးရတောင်းခံသည့် အသုံးစရိတ်အားလုံးအနက် ကျပ်သန်းပေါင်း သုံးသိန်းကျော် လွှတ်တော်ဖြတ်တောက်

အစိုးရတောင်းခံသည့် အသုံးစရိတ်အားလုံးအနက် ကျပ်သန်းပေါင်း သုံးသိန်းကျော် လွှတ်တော်ဖြတ်တောက်
(ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်)

နေပြည်တော်(မတ်လ ၁၇ရက်၊ ၂၀၁၇ခုနှစ်)။ အစိုးရတောင်းခံသော အသုံးစရိတ်အားလုံးအနက် ကျပ် ၃၀၂ ဘီလီယံကျော်(၁ ဘီလီယံလျှင် ကျပ်သန်းတစ်ထောင်)အား ဖြတ်တောက်ကာ ၂၀၁၇ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို မတ်လ ၁၇ရက် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။

တစ်ဘီလီယံသည် ကျပ်သန်းပေါင်း တစ်ထောင်နှင့် ညီမျှသည့်အတွက် လွှတ်တော်က ဖြတ်တောက်လိုက်သည့် ၃၀၂ ဘီလီယံကျော်သည် ကျပ်သန်းပေါင်း သုံးသိန်းကျော် ပမာဏ ဖြစ်သည်။

ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းများက တောင်းခံသည့် အသုံးစရိတ်စုစုပေါင်းမှာ ကျပ်ဘီလီယံ ၂၀,၈၉၆ ဖြစ်ပြီး အသုံးစရိတ်အားလုံးအနက် ကျပ်ဘီလီယံပေါင်း ၃၀၂ကျော်အား ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

အသုံးစရိတ်အများဆုံး ဖြတ်တောက်ခံရသည့် ဝန်ကြီးဌာနမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်၏ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ တွဲဘက်ဥက္ကဌ ဦးအောင်မင်းက ပြောသည်။

“ဘာလို့လည်းဆိုတော့ သူက ချေးငွေစီမံကိန်းတစ်ခုနဲ့ပတ်သက်ပြီးတော့ စာချုပ်မချုပ်ရသေးတဲ့အတွက် သတ်မှတ်ချက်တွေ မကိုက်ညီလို့ တော်တော်များများ ဖြတ်လိုက်ရတာ” ဟု ဇလွန်မြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးအောင်မင်းက ဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနတစ်ချို့နှင့် ဗဟိုအဖွဲ့အစည်းတစ်ချို့က တောင်းခံသည့် အသုံးစရိတ်များကိုမူ လွှတ်တော်က လုံးဝ ဖြတ်တောက်ခဲ့ခြင်း မရှိပေ။

“လုံးဝမဖြတ်တောက်တာက ကာကွယ်ရေးဝန်ကြီးဌာနဖြစ်ပါတယ်။ နောက်တစ်ခါ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရှိပါတယ်။ နောက်တစ်ခါ ပြန်ကြားရေးဝန်ကြီးဌာန ရှိပါတယ်။ နောက်တစ်ခါ ဗဟိုအဖွဲ့အစည်းထဲက အခြေခံဥပဒေဆိုင်ရာခုံရုံး၊ နောက်တစ်ခါ တပ်မြို့နယ်စည်ပင်သာယာရေးကော်မတီအားလုံး ဒါတွေ လုံးဝမဖြတ်တောက်ပါဘူး” ဟု ဦးအောင်မင်းက ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အစိုးရတောင်းခံသည့် အသုံးစရိတ် စုစုပေါင်း၏ ၁၃ဒဿမ ၉၅ရာခိုင်နှုန်းဖြစ်သော ကျပ်ငွေ ၂၉၀၅ဒဿမ ၁၉၅ ဘီလီယံအား တောင်းခံခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန တောင်းခံသော အသုံးစရိတ်သည် ပြီးခဲ့သည့် ၂နှစ်ထက် လျှော့နည်းလာသည်ကို တွေ့ရသည်။

အဘယ်ကြောင့်ဆိုသော် ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်များမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၃၀၄၀ဒဿမဝ၈ဘီလီယံဖြစ်ပြီး ၂၀၁၆-၂၀၁၇ခုနှစ်တွင် ကျပ်ငွေ ၂၉၉၀ဒဿမ၅၇ဘီလီယံဖြစ်သည်။

အစိုးရ အသုံးစရိတ်တွင် သာမန်အသုံးစရိတ်နှင့်  ငွေလုံးငွေရင်းအသုံးစရိတ်ဟူ၍ နှစ်မျိုးရှိပြီး သာမန်အသုံးစရိတ်မှာ မဖြစ်မ နေသုံးစွဲရမည့် ဝန်ထမ်း၊ လစာ၊ ရုံးသုံးစရိတ်၊ ခရီးစရိတ် စသည်တို့ဖြစ်ကာ  ငွေလုံးငွေရင်းအသုံးစရိတ်မှာ ရင်းနှီးမြုပ်နှံရသည့် လက်နက်စက်ရုံု၊ ဆေးရုံ၊ ဆေးခန်း၊ ကျောင်း၊ ဆေးဝါးစက်ရုံု စသည့် အသုံးစရိတ်တို့ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly