ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူများအား ခုံရုံးဖွဲ့စစ်ဆေး

ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူများအား ခုံရုံးဖွဲ့စစ်ဆေး
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ မတ် ၁၇ ။            ။ ရှေ့နေဦးကိုနီ လုပ်ကြံမှုနှင့် ပတ်သက်၍ လုပ်ကြံသူ ကြည်လင်းနှင့် ပါဝင်ပတ်သက်သူ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နှင့် အောင်ဝင်းထွန်း တို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ ယနေ့(မတ်လ ၁၇)ရက်နေ့တွင် ခုံရုံးဖွဲ့ စစ်ဆေးခဲ့သည်။

 စစ်ဆေးမှုများပြုလုပ်ရာတွင် အဓိက တရားခံပြေးအဖြစ်သတ်မှတ်ထားသည့် အောင်ဝင်းခိုင်မှာ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် တရားရုံးခရိုင်အမှုအမှတ် ၂ဝ/၁၇ ၊ တရားခံပြေး ဥပဒေပုဒ်မ - ၅၁၂ ဖြင့် အောင်ဝင်းခိုင်အတွက် စစ်ဆေးခဲ့ပြီး အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့မှာ ရှေ့နေလိုက်ပါဆောင်ရွက်ခွင့် တင်ခဲ့သည်။

 ကြည်လင်းနှင့် အောင်ဝင်းထွန်းတို့အတွက် လိုက်ပါဆောင်ရွက်မည့် ရှေ့နေမရရှိသေးသည့်အတွက် လာမည့် ရုံးချိန်းတွင် ထပ်မံတင်ပြရမည်ဖြစ်ကြောင်းသိရသည်။   အောင်ဝင်းထွန်းမှာ   ရှေ့နေငှားရမ်းခဲ့သော်လည်း ရုံးတော်သို့ လာရောက်ခြင်းမရှိသည့်အတွက် လာမည့်ရုံးချိန်းတွင် ရုံးတော်သို့ ထပ်မံတင်ပြလျှောက်ထားမည်ဖြစ်ကြောင်း လျှောက်ထားခဲ့သည်။

 " တရားခံပြေးကိစ္စ ဆက်လက်စစ်ဆေးသွားမယ်။ ရှေ့နေမရသေးတဲ့သူတွေ ရှေ့နေမငှားနိုင်ရင် အစိုးရက ထည့်ပေးမယ် "ဟု မြောက်ပိုင်းခရိုင်တရားသူကြီး ဦးတင်ထွေးက ပြောသည်။

 အမှုကို ခုံရုံးဖွဲ့စစ်ဆေးရာတွင် မြောက်ပိုင်းခရိုင်တွဲဖက်တရားသူကြီး ဦးအုန်းခိုင်နှင့် အရှေ့ပိုင်းခရိုင် တရားသူကြီး ဦးဇော်ထူး တို့နှင့်အတူ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဦးတင်ထွေးက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါအမှုကို မတ်လ ၂၄ ရက်နေ့တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်းလိုက်ပြီး တရားခံပြေး အောင်ဝင်းခိုင်အား လိုက်လံဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့ကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း၊ အောင်ဝင်းခိုင်အား ဖမ်းဆီးနိုင်ရန် စုံစမ်းနေသည့် အခြေအနေကို မေးမြန်းသွားမည်ဖြစ်သည်။ ရှေ့နေဦးကိုနီ လုပ်ကြံမှုနှင့် ပတ်သက်၍ လုပ်ကြံသူ ကြည်လင်းနှင့် ပါဝင်ပတ်သက်သူ ဇေယျာဖြိုး၊ အောင်ဝင်း ဇော်နှင့် အောင်ဝင်းထွန်း တို့ကို စစ်ဆေးရန် မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ချုပ်မှ ခုံရုံးဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသော ဦးကြည်လင်းအပါအဝင် ၄ ဦးအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၂/၃၄/၂၁၂ တို့ဖြင့် တရားစွဲဆိုထားပြီး တရာခံပြေး အောင်ဝင်းခိုင်ကို ရာဇသတ်ကြီးနှင့် ထူးထွေထွေ ၃ဝ၂/၃၄/ ကျင့် ၅၁၂ တို့ဖြင့် တရားစွဲဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly