ရေဘေးသင့် ဆယ်လန်ရွာသူရွာသားများအား မတ်လနောက်ဆုံးပတ် အပြီးရွှေ့မည်

ရေဘေးသင့် ဆယ်လန်ရွာသူရွာသားများအား မတ်လနောက်ဆုံးပတ် အပြီးရွှေ့မည်

မန္တလေး၊ မတ်လ ၁၇ ။             ။ ပုဂံညောင်ဦးဒေသရှိ ဆယ်လန်ရွာတွင် ပြီးခဲ့သည့်နှစ် ရေကြီးမှုဖြစ်ခဲ့ကြောင့် ဆယ်လန်ရွာသူ၊ ရွာသားသည် ညောင်ဦးမြို့ရှိ ဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့ခဲ့ရရာ မတ်လ ၁၆ ရက်နေ့မှစတင်၍ ပြန်လည်ပြောင်းရွှေ့နေထိုင်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

'' ပြီးခဲ့တဲ့နှစ် ရ လပိုင်းလောက်က ရေကြီးလို့  မြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေခဲ့ရတာ ဒီလအထိပဲ။ စီစဉ်ထားတာ ဖေဖော်ဝါရီလဆိုပေမယ် ရွာသူရွာသားတွေ မတ်လ ၁၆ ရက်မှ လုပ်ပေးဖို့ တောင်းဆိုချက်ကြောင့် ဒီကနေ ပြောင်းရွှေ့ပေးတာပါ။ ယခုအချိန်အထိ အိမ်ထောင််စု ၁၀၀ ဝန်းကျင်ခန့်ရွှေ့ပြောင်းပေးပြီးပြီ။ ရွာအနေအထားက ပူးပေါင်းပါ၀င်မှု အားနည်းတယ်၊ ဒီကနေ အိမ်ထောင်စု နည်းနည်းပဲ ရွှေ့နိုင်သေးတယ်၊ မတ်လစတုတ္ထအပတ်အတွင်း ကျန်အိမ်ထောင်စု အားလုံး ပြောင်းနိုင်ဖို့ လုပ်သွားမှာပါ၊ ရွာသားတွေအားလုံး ပူးပေါင်းပါ၀င်ပြီး လုပ်ဆောင်စေချင်တယ် '' ဟု ညောင်ဦး မဲဆန္ဒနယ် အမှတ်(၁) မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ပြောသည်။

ဆယ်လန်ရွာသူရွာသားများသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက ရေကြီးမှုကြောင့် ဘုန်းကြီးကျောင်းများတွင် ပြောင်းရွှေ့နေခဲ့ရခြင်းဖြစ်ပြီး အိမ်ထောင်စု ၃၂၀ ကျော် ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးအစိုးရ၏ စီမံပေးမှုဖြင့် ဆယ်လန်ရွာတွင် မြေညှိခြင်း၊ အဝီစိတွင်း တူးခြင်း၊ လျှပ်စစ်မီး သွယ်တန်းပေးခြင်း၊ ဘုန်းကြီးကျောင်း၊ ဆေးပေးခန်း နှင့် စာသင်ကျောင်းများ စီစဉ် ပြုလုပ်ပေးထားပြီး အားလုံးပြီးစီးချိန်ဖြစ်၍ ပြန်လည်ပြောင်းရွှေ့ရန် စီစဉ်ပေးခြင်းဖြစ်သည်။

တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီစသည့် ဌာနဆိုင်ရာ ပေါင်းစုံ ပူးပေါင်းအဖွဲ့များက ဆယ်လန်ရွာ ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီး မတ်လ စတုတ္ထအပတ်အတွင်း အပြီး ပြောင်းရွှေ့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ဆယ်လန်ရွာ ပြန်လည်ထူထောင်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်သိန်း(၃၀၀၀)ကျော် ထောက်ပံ့ပေးခဲ့ပြီး အိမ်ထောင်စု ၃၂၀ အတွက် မြေနေရာများ အကွက်ရိုက်စီစဉ်ပေးခြင်း၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly