ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ် တရုတ်နိုင်ငံ၌ ကွယ်လွန်

ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ် တရုတ်နိုင်ငံ၌ ကွယ်လွန်

မတ် ၁၇ ။          ။ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် ဆော့ခ်အန်း မတ်လ ၁၅ ရက်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်သွားသည်။ ဆော့ခ်အန်းသည် ၀န်ကြီးချုပ် ဟွန်ဆန်၏ အနီးကပ်လက်ထောက်အဖြစ် ဆယ်စုနှစ် နှစ်စုကြာထိ ရှိနေခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၆ နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတွင် အစိုးရအဖွဲ့ ဒုဝန်ကြီးချုပ်အဖြစ် ၂၀၀၄ ခုနှစ်မှစကာ ထမ်းဆောင်လာခဲ့သော ဆော့ခ်အန်းမှာ မတ်လ ၁၅ ရက် ညနေ ၆ နာရီ ခွဲအချိန်က တရုတ်နိုင်ငံ ပေကျင်းမြို့ ဆေးရုံတစ်ခု၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဆော့ခ်အန်းမှာ ကျောက်ကပ်ဝေဒနာ ခံစားနေရခဲ့သူဖြစ်ကာ စင်ကာပူဆေးရုံတစ်ခု၌ လပေါင်းများစွာကြာ တက်ရောက်ကုသခဲ့ပြီးမှ တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ကုသနေခဲ့ခြင်းဖြစ်သည်။

၎င်း၏ ရုပ်အလောင်းကို ကမ္ဘောဒီးယားသို့ ပြန်လည်သယ်ဆောင်လာခဲ့သည်ဟုလည်း သိရသည်။

ဆော့ခ်အန်းမှာ ၁၉၉၂ ခုနှစ်နောက်ပိုင်းကတညး်က ၀န်ကြီးများ ကောင်စီရုံး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ယင်းမတိုင်မီကလည်း နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းရေးမှူးချုပ်၊ အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီး၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး တာဝန်များကို အသီးသီး ထမ်းဆောင်ခဲ့သူဖြစ်သည်။

၀န်ကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ၎င်းသည် နိုင်ငံတွင် အရေးပါဆုံးသော လုပ်ငန်းတာဝန်များကို တာဝန်ယူထမ်းဆောင်ခဲ့သူ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly