ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းရေး ကျပ်သန်းပေါင်း သုံးသောင်း သုံးစွဲရန် လွှတ်တော်အတည်ပြု

ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းရေး ကျပ်သန်းပေါင်း သုံးသောင်း သုံးစွဲရန် လွှတ်တော်အတည်ပြု
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၁၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရန်ကုန်တိုင်းအတွင်း နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ကျပ်ငွေ ၃၀ဘီလီယံ(ကျပ်သန်းပေါင်း သုံးသောင်း)ကျသင့်မည့် ဓာတ်အားထုတ်စက်တစ်လုံး ဝယ်ယူရန် မတ်လ ၁၇ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်သည်။

မဲခွဲဆုံးဖြတ်ချက်အရ မဲရလဒ်မှာ ထောက်ခံ ၅၄၃မဲ၊ ကန့်ကွက် ၁၆မဲ၊ ကြားနေ ၃မဲ ရရှိရာ ထောက်ခံမဲများသည့်အတွက် ၂၀၁၆ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ သီးသန့်ရံပုံငွေမှ ကျပ်သန်းပေါင်း သုံးသောင်း သုံးစွဲပြီး ဓာတ်အားထုတ်စက်တစ်လုံးဝယ်ယူရန် လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။

ဝယ်ယူမည့် အဆိုပါ ဓာတ်အားထုတ်စက်မှာ ၂၅ မဂ္ဂါဝပ် ထွက်ရှိမည် ဖြစ်ပြီး ယခု ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးနောက် ၄၅ရက်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောသည်။

“သင်္ဘောတင်ကာလ ၃၀ရက်ခန့် ၊ ပစ္စည်းရောက်ရှိပြီးနောက် တပ်ဆင်ခြင်းလုပ်ငန်း ၁၅ရက်ခန့်ဖြစ်၍ စာချုပ်ချုပ်ဆိုပြီး၍ ၄၅ရက်ခန့်အတွင်း စတင် ဓာတ်အားထုတ်လုပ်ပေးနိုင်မည် ဖြစ်ပါသည်” ဟု ဒုဝန်ကြီးက ဆိုသည်။

ဝယ်ယူမည့် ဓာတ်အားထုတ်စက်အား ပစ္စည်းမှန်၊ ဈေးမှန် ရရှိရန် မူရင်းထုတ်လုပ်သည့် ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်ပြီး ဝယ်ယူသွားမည်ဟုလည်း ဒုဝန်ကြီးက လွှတ်တော်တွင် ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly