နိုင်ငံသားဖြစ်ထိုက်သူများကို ဖြစ်ခွင့်ပေးရေး ပါ၀င်သည့် ကြားဖြတ်အစီရင်ခံစာကို ကိုဖီအာနန် ကော်မရှင်ထုတ်ပြန်

နိုင်ငံသားဖြစ်ထိုက်သူများကို ဖြစ်ခွင့်ပေးရေး ပါ၀င်သည့် ကြားဖြတ်အစီရင်ခံစာကို ကိုဖီအာနန် ကော်မရှင်ထုတ်ပြန်

ရန်ကုန် ၊ မတ် ၁၆ ။            ။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အနေဖြင့် အစိုးရထံသို့ အကြံပြုသည့် ကြားဖြတ်အစီရင်ခံစာတစ်စောင်ကို ယနေ့ မတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီးတွင် ထုတ်ပြန်လိုက်သည်။

အဆိုပါကော်မရှင်က ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် လူသားချင်း စာနာထောက်ထားသော အကူအညီများနှင့် သတင်းမီဒီယာများကို ပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာများကို လွတ်လပ်စွာ ၀င်ခွင့်ပေးရေး၊ လုံခြံုရေးတပ်ဖွဲ့ဝင်များကိုသင်တန်းပေးရေး ၊ လူ့အခွင့်အရေးချိုးဖောက်သူများကို အရေးယူရေး စသည့် အကြံပြုချက်များ ပါ၀င်ခဲ့သည်။

ယင်းအပြင် အငြင်းပွားဖွယ်ရာဖြစ်ပေါ်လာနိုင်သည့် အချက်တစ်ချက်ဖြစ်သည့် နိုင်ငံသားဖြစ်သင့်ဖြစ်ထိုက်သူများကို အအစိုးရအနေဖြင့် စီစစ်ပြီး နိုင်ငံသားဖြစ်ပြီးပါက လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ပေးရေးဆိုသည့် အချက်ကိုလည်း ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်အနေဖြင့် ထည့်သွင်းအကြံပြုထားသည်ကို တွေ့ရှိရသည်။

"ရခိုင်ပြည်နယ်မှာ ထောင်နဲ့သောင်းနဲ့ချီနေတဲ့သူတွေက မိမိမှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြစရာ စာရွက်စာတမ်း မရှိပါဘူး။ ဒါတွေကို စီစစ်ဖို့လုပ်ငန်းတစ်ခုလိုအပ်နေပါတယ်" ယင်းသတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် မစ္စတာ ဂါဆန်ဆလမ်က ဖြေဆိုခဲ့သည်။

ယင်းကော်မရှင်ကထုတ်ပြန်ထားသည့် အစီရင်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ တဆင့် အစိုးရထံ တင်ပြသွားရမည်ဖြစ်သည်။ အဆိုပါ ကော်မရှင်ကို   နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်ဦးဆောင်ပြီး အဖွဲ့ဝင် (၈) ဦးဖြင့် ဖွဲ့စည်းပေးထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly