ညောင်ရွှေမြို့တွင် ယခုနှစ် ကွမ်းရွက်စျေးကျ

ညောင်ရွှေမြို့တွင် ယခုနှစ် ကွမ်းရွက်စျေးကျ

မတ်လ ၁၆ ရက ။          ။ ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့တွင် ကွမ်းရွက်စျေးများ ကျဆင်းနေသည်ဟု မိုင်းသောက်စျေးမှ ကွမ်းရွက် ရောင်းချသူများက ပြောသည်။

"ဒီနှစ်မှာတော့ ကွမ်းရွက်က ပေါတယ်လို့ပဲ ပြောရမှာပဲ။ အရင်နှစ်တွေကတော့ ကွမ်းရွက်က တော်တော် စျေးကြီးတယ်။ တော်တော်စျေးကြီးတယ်ဆိုတာ အထွက်နည်းတဲ့အခါမှာ တစ်သောင်းလေးထောင်လောက် ကွမ်းနုဝါတစ်ပိသာကို ဖြစ်ခဲ့တယ်" ဟု မိုင်းသောက်စျေးတွင် ကွမ်းရွက်ရောင်းသူ ဦးချစ်သိန်းက ပြောသည်။

ကွမ်းရွက်စျေးများသည် မူရင်းစျေး တစ်ပိသာလျှင် တစ်သောင်းဝန်းကျင်မှ ခုနှစ်ထောင် ပတ်ဝန်းကျင်အထိ ကျဆင်းနေခြင်း ဖြစ်သည်။

ညောင်ရွှေမြို့တွင် ကွမ်းရွက်စျေးများသည် ပုံမှန်စျေးကျလေ့ရှိသော အချိန်ရာသီမဟုတ်ဘဲ ကျဆင်းနေပြီး ယခုရက်ပိုင်းတွင် မိုးအနည်းငယ် ရွာသွန်းထားသောကြောင့် ကွမ်းရွက်စျေးများ ကျနေခြင်းဖြစ်သည်ဟု မိုင်းသောက်စျေးတွင် ကွမ်းရွက်ရောင်းသူ မမေဖြိုးဦးက ပြောသည်။

"ပုံမှန်ဆိုရင်တော့ မိုးတွင်းမှ စျေးကျတယ်။ ဒီအချိန်က ပုံမှန်ဆို စျေးကျတဲ့အချိန်မျိုး မဟုတ်ဘူးလေ။ ဒီအချိန်ဆို အရင်နှစ်တွေက ရှစ်ထောင်၊ တစ်သောင်းကျော် အထိ ပြေးနေတယ်။ ဒီနှစ်က နည်းနည်းစျေးကျတာ မိုးကျစောလို့လားတော့မသိဘူး" ဟု ပြောသည်။

ကွမ်းရွက်များကို အထက်မြန်မာပြည်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့အပြင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ ဖြစ်သည့် ဧရာဝတီတိုင်း၊ ပန်းတနော်၊ ကျံုပျော်၊ ကော့မှူး နှင့် ကွမ်းခြံကုန်း အစရှိသော ဒေသများတွင် စိုက်ပျိုးသည်။

ညောင်ရွှေမြို့တွင် ကွမ်းရွက်များကို အဓိကအားဖြင့် မတ္တရာ၊ မုံရွာ၊ တံတားဦး၊ ကျိုက်ထို၊ မန္တလေး အစရှိသည့် ဒေသများမှ မှာယူကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly