မြောက်ကိုရီးယားနိုင်ငံ၌ နျူကလီးယားကင်းစင်ရေး နှစ်ပေါင်း၂၀ခန့်ကြိုးပမ်းမှု မအောင်မြင်ဟု တိုင်လာဆန်ပြော

မြောက်ကိုရီးယားနိုင်ငံ၌ နျူကလီးယားကင်းစင်ရေး နှစ်ပေါင်း၂၀ခန့်ကြိုးပမ်းမှု မအောင်မြင်ဟု တိုင်လာဆန်ပြော

မတ် ၁၆ တိုကျို (ဂျပန်) ။                   ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်က မြောက်ကိုရီးယားနိုင်ငံ၌ နျူကလီးယားကင်းစင်ရေး ကြိုးပမ်းမှုသည် ဆယ်စုနှစ် နှစ်စုကျော် ကြာလာခဲ့သည့်တိုင်အောင် အလုပ်မဖြစ်သေးကြောင်းနှင့် ချဉ်းကပ်မှု အသစ်များ လိုအပ်နေပြီဖြစ်ကြောင်း ယနေ့ကြာသာပတေးနေ့တွင် ပြောခဲ့သည်။

“လွန်ခဲ့သော နှစ်ပေါင်း၂၀အတွင်း မြောက်ကိုရီးယားနိုင်ငံမှာ နျူကလီးယားကင်းစင်ရေးအတွက် နိုင်ငံရေးအရ ရော သံတမန်ရေးအရပါ ကြိုးပမ်းခဲ့မှုတွေဟာ အောင်မြင်မှုမရှိခဲ့ဖူးဆိုတာကို သတိပြုမိဖို့အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်” ဟု သူက ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် အတူပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့ သည်။

“အမြဲတမ်းဆိုသလို ခြိမ်းခြောက်မှုတွေ မြင့်တက်လာနေတာကြောင့် ချဉ်းကပ်နည်းအသစ်တွေ လိုအပ်လာတယ် ဆိုတာ လုံးဝရှင်းပါတယ်” ဟု သူကဆက်ပြောခဲ့သည်။

ဒါ့အပြင် သူက အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုအား တန်ပြန်တုံ့ပြန်ရန် ဂျပန်၊ တောင်ကိုရီးယားတို့ နှင့်အတူ နီးကပ်စွာ ဆက်လက်လုပ်ဆောင်သွားမည်သာမက ထိုနိုင်ငံများရှိ ပြည်သူများ အတွက် ငြိမ်းချမ်းရေးကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

“မြောက်ကိုရီးယားနိုင်ငံနှင့် ၄င်း၏ပြည်သူများသည် အမေရိကန်ပြည်ထောင်စု သို့မဟုတ် အိမ်နီးချင်းနိုင်ငံများ အား ကြောက်ရွံ့နေစရာမလိုပါဘူး” ဟုလည်း သူက ပြောခဲ့ပြီး   ဝေဖန်မှုများသည်   မြောက်ကိုရီးယားနိုင်ငံ၏ အစိုးရကိုသာ ဦးတည်ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။

လာမည့်စနေ့နေ့တွင် သူအလည်အပတ်သွားရောက်မည့် တရုတ်နိုင်ငံကိုလည်း ၄င်း၏ မဟာမိတ်ဖြစ်သော မြောက်ကိုရီးယားနိုင်ငံအပေါ် ပိုမိုဖိအားပေးဖို့ တိုက်တွန်းသွားခဲ့သည်။

“သူတို့ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါ၀င်ပက်သက်နိုင်တာကို ကျနော်တို့ယုံကြည်ပါတယ်။ ကျနော်တို့ ဟာ တရုတ်နိုင်ငံနဲ့အတူ သူတို့အရေးယူ ဆောင်ရွက်သင့်သော ကိစ္စရပ်တွေအတွက် ဆွေးနွေးသွားမှာဖြစ်ပါ တယ်” ဟု သူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly