မန္တလေးတိုင်းဒေသအတွင်း မြို့နယ် ၆ခုတွင် သဘာဝဘေးကြိုတင်ကာကွယ်မှုအတွက် ကွင်းဆင်းစစ်ဆေးနေ

မန္တလေးတိုင်းဒေသအတွင်း မြို့နယ် ၆ခုတွင် သဘာဝဘေးကြိုတင်ကာကွယ်မှုအတွက် ကွင်းဆင်းစစ်ဆေးနေ

မန္တလေး၊ မတ် ၁၆ ။              ။  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့များတွင် ငါးနှစ်တာကာလအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်မှုများသော မြို့(၆)မြို့ကို ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ကွင်းဆင်းစစ်ဆေးကာ ပံ့ပိုးမှုများ ပြုလုပ်လျက်ရှိကြောင်း  မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရသည်။

''ဧပြီလကုန် မေလမှာ လေလာနိုင်ပါတယ်၊ အပူတွေ များပြီးတော့ မိုးတိမ်တောင်တွေကနေ လေလာနိုင်တယ်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်အောင် ငါးနှစ်တာအတွင်း ထိခိုက်မှုများတဲ့ မြို့(၆)မြို့ကို ရွေးချယ်ပြီး ကူညီ စစ်ဆေး ပံ့ပိုးပေးနေပါတယ်၊ ပထမဆုံး စလုပ်မှာ ဖြစ်တဲ့အတွက် သိန်း(၃၈၀) လျာထားဆောင်ရွက်ပေးသွားမှာပါ'' ဟု မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောသည်။

သဘာဝဘေးအန္တရာယ်ကျရောက်မှုများသော မြို့(၆)မြို့မှာ ဖေဖော်ဝါရီလအတွင်း မြင်းခြံမြို့ နှင့် မြစ်သားမြို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး မတ်လအတွင်း ၀မ်းတွင်းမြို့ နှင့် ရမည်းသင်းမြို့တို့တွင် ဆောင်ရွက်လျက်ရှိရာ မကြာမှီရက်ပိုင်းအတွင်း ကျောက်ဆည်မြို့ နှင့် စဉ့်ကိုင်မြို့တို့တွင် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

''အခုဆိုရင် ကိုယ်ဘာသာရပ်တည်နိုင်ဖို့နဲ့ ပြင်ဆင်နိုင်ဖို့ အင်အားနည်းတဲ့ အိမ်တွေကို ပြင်ဆင်ပေးမှုတွေ စတင်နေပါပြီး၊ အဓိကအားဖြင့်တော့ ဓနိမိုးအိမ်တွေပေါ့၊ လုံးဝ ပြုပြင်မှု မလုပ်နိုင်တဲ့ အိမ်တွေ လုပ်ပေးတယ်၊ အမိုးပြန်လဲပေးတယ်၊ အောက်ကနေ ၀ါးကပ်(၀ါးထရံ)ကို (၁၀)ပေပတ်လည်လောက် အမိုးထပ်မိုးပေးတယ်၊ မျက်နှာကျက်သဘော လုပ်ပေးလိုက်တယ်၊ တကယ်လိုများ မိုးသီးကြွေခဲ့ရင် မိုးသီးကြွေတဲ့ ဒဏ်ကို ဒီလိုတွေ မခံရတော့ဘူး၊ ညအချိန်မတော် မိုးရွာလို့ မိုးသီးကျခဲ့ရင် အဲထဲကို ၀င်နေလိုက်ရင် သူခေါင်းပေါ် မိုးသီး တိုက်ရိုက်မခံနိုင်တော့ရင် အဲဒီလူက ထိခိုက်မှု   လျော့နည်းသွားမှာဖြစ်ပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ် ဘေးဖြစ်ပွားမှု နှင့် ထောက်ပံ့မှုစာရင်းချုပ် စာရင်းအရ မီးဘေး အကြိမ်(၃၀)ဖြစ်ပွားခဲ့မှုတွင် ဆုံးရှံုးမှုတန်ဖိုး (၁၂၂၄၇၇၀၀၀)ကျပ် ဆုံးရှံုးခဲ့ပြီး လူ(၆)ဦး သေဆုံးခဲ့ရာ ထောက်ပံ့မှု (၁၅၈၆၉၄၆၂)ကျပ်ကိုလည်းကောင်း၊ လေဘေး အကြိမ်(၂၆)ဖြစ်ပွားခဲ့မှုတွင် ဆုံးရှံုးမှုတန်ဖိုး (၂၈၈၁၅၉၀၉၀)ကျပ် ဆုံးရှံုးခဲ့ပြီး လူ(၁၈)ဦး သေဆုံးခဲ့ရာ ထောက်ပံ့မှု (၃၅၈၃၉၆၀၀၀)ကျပ်ကိုလည်းကောင်း၊ ရေဘေး အကြိမ်(၁၅)ဖြစ်ပွားခဲ့မှုတွင် လူ(၃)ဦး သေဆုံးခဲ့ရာ ထောက်ပံ့မှု (၉၆၃၄၀၉၆၆)ကျပ်ကိုလည်းကောင်း၊ ကမ်းပြိုဘေး အကြိမ် (၉)ဖြစ်ပွားခဲ့မှုတွင် ဆုံးရှံုးမှု တန်ဖိုး (၂၃၅၀၀၀၀)ကျပ် ဆုံးရှံုးခဲ့ပြီး ထောက်ပံ့မှု (၁၀၉၅၃၉၀)ကျပ်ကိုလည်းကောင်း၊ မြေပြိုဘေး အကြိမ်(၁)ဖြစ်ပွားခဲ့မှုတွင် ဆုံးရှံုးမှုတန်ဖိုး (၈၀၀၀၀၀)ကျပ် ဆုံးရှံုးခဲ့ပြီး ထောက်ပံ့မှု (၂၂၇၈၉၈)ကျပ်ကိုလည်းကောင်း၊ စစ်ဘေးရှောင် အကြိမ်(၁)ဖြစ်ပွားခဲ့မှုတွင် ထောက်ပံ့မှု (၇၅၀၂၄၄)ကျပ်ကိုလည်းကောင်း၊ ဓာတ်လိုက် (၁)ဖြစ်ပွားခဲ့မှုတွင် လူ (၄)ဦး သေဆုံးခဲ့ပြီး ထောက်ပံ့မှု (၄၀၀၀၀၀)ကျပ်ကိုလည်းကောင်း ထောက်ပံ့ပေးခဲ့သည်။

(၂၀၁၆)ခုနှစ်က  မန္တလေးတိုင်းဒေသကြီးအတွင်း မီးဘေး၊ လေဘေး၊ ရေဘေး၊ ကမ်းပြိုဘေး၊ မြေပြိုဘေး၊ စစ်ဘေးရှောင်၊ ဓာတ်လိုက် စသည့် ဘေးဖြစ်ပွားမှုများကြောင့် ဆုံးရှံုးမှု တန်ဖိုး (၄၁၃၇၈၆၀၉၀)ကျပ်ရှိခဲ့ပြီး လူ(၃၁)ဦး သေဆုံးခဲ့ရာ ထောက်ပံ့ငွေ (၄၇၃၀၇၉၉၆၀)ကျပ်ကို  မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့်   ပြန်လည်နေရာချထားရေးဦးစီးဌာနက   ထောက်ပံ့ ကူညီပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly