လွှတ်တော်မှာ အတည်ပြုတဲ့ တံတားအမည်ကိစ္စ ဝန်ကြီးနိုင်သက်လွင် ဝေဖန်

လွှတ်တော်မှာ အတည်ပြုတဲ့ တံတားအမည်ကိစ္စ ဝန်ကြီးနိုင်သက်လွင် ဝေဖန်

မွန်ပြည်နယ်ရှိ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ် ဆက်သွယ်ထားသော သံလွင်မြစ်ပေါ်ရှိ တံတားအား “ဗိုလ်ချုပ်အောင်ဆန်း တံတား” ဟု အမည်သတ်မှတ်ရန် မတ်လ ၁၄ရက်က   ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်မှုအပေါ် တိုင်းရင်းသားရေးရာလူမျိုးများဝန်ကြီး နိုင်​သက်​လွင်​အား မတ်လ ၁၅ရက်တွင် မေးမြန်းထားခြင်း ဖြစ်ပါသည်။

မေး။ ။ တံတားအမည်ပေးတဲ့ကိစ္စမှာ ဝန်ကြီးရဲ့အမြင် ပြောပေးပါ။

ဖြေ။ ။ ရာဇဝင်နဲ့ပြောမယ်ဆိုရင် ဒီသမိုင်းကြောင်းကို သေသေချာချာလေ့လာတဲ့သူတွေအတွက်ဆိုရင် အရင်တုန်းကသမိုင်းမှာ မြန်မာပြည်က တရုတ်လက်အောက် မရောက်အောင် သမိန်ဗရမ်း ကယ်ထားတယ်။ အဲ့တော့ သမိန်ဗရမ်းနာမည် ပေးသင့်တယ်။ နောက်ပြီးတော့ ဘင်္ဂလားလက်အောက်ထဲ မရောက်အောင် လူစွမ်းကောင်း အသားမင်းသား ကယ်ထားတယ်။ အဲ့ဒီနာမည်ကိုလည်း သုံးသင့်တယ်။ အင်ပါယာနဲ့ ကြည့်လိုက်မယ်ဆိုရင် လူစွမ်းကောင်းဖြစ်တဲ့ ရာဇာဓိရာဇ်နာမည်ကို ပေးရမယ်။ ဘုန်းကြီးကို မေးမယ်ဆိုရင် ဘုန်းကြီးတွေက ရာမညတံတားလို့ နာမည်ပေးချင်တယ်။
ပြည်သူလူထုကို မေးမယ်ဆိုရင် မော်လမြိုင်တံတားလို့ ပြောကြလိမ့်မယ်။

မေး။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD က ဒီမိုကရေစီကို ဦးဆောင်တဲ့ အစိုးရလို့ သတ်မှတ်ထားတယ်။ ဒီမိုကရေစီစနစ်ဆိုတာကို နားလည်ထားတာက ပြည်သူလူထုအသံကို နားထောင်ဖို့ပေါ့။ ဒါပေမယ့် NLDက လွှတ်တော်ကို တင်သွင်းတာက ပြည်သူလူထုအသံကို နားမထောင်ဘူးလို့ သဘောသက်ရောက်လား။

ဖြေ။ ။ ကြံ့ခိုင်​​ရေးပြောတာက လွှတ်တော်မှာ ဒီမိုကရေစီအနိုင်ကျင့်တယ်လို့ ပြောတာနဲ့ သွားကိုက်တာပေါ့။

မေး။ ။ ဝန်ကြီးအမြင်မှာ NLD အစိုးရက ဒီမိုကရေစီ လမ်းကြောင်းကိုသွားနေတယ်လို့ ထင်လား။

ဖြေ။ ။ ကုန်ကုန်ပြောရရင် လူထုရဲ့ ထောက်ခံမှုနဲ့ သူတို့ ဒီမိုကရေစီ အစိုးရ ဖြစ်လာတယ်။ သူတို့ မဟုတ်ဘူးဆိုရင်တော့ အရင်စနစ်က ကျန်နေမှာပဲ။

မေး။ ။ လူအများ သိထားတာက ဒီမိုကရေစီဆိုတာက လူထုအသံကို နားထောင်တဲ့စနစ်လို့ နားလည်ထားတာပေါ့။ အဲ့တော့ ဒီတံတားနာမည်ပေးတဲ့ ကိစ္စမှာ လူတစ်စုကပဲ တင်သွင်းပြီးတော့ လူတစ်စုကပဲ ဆုံးဖြတ်တဲ့အပေါ်မှာ ဒီမိုကရေစီနဲ့ ကိုက်ညီရဲ့လား။

ဖြေ။ ။ ကုန်ကုန်ပြောရရင် ဒီမိုကရေစီဆိုတာက လွှတ်တော်ရဲ့ ဆောင်ပုဒ်ဆိုတာက လူထုအသံ… လွှတ်တော်အသံ။ လူထုဆန္ဒ ဆောင်ရွက်ပေးရမယ်ပေါ့။ အခုက လူထုအသံကို ကလန်(ကလန်ကဆန်)သွားတယ်။ အဲ့ဒီအပေါ်မှာ လူထုဆန္ဒနဲ့ ကိုက်ညီလား၊ မကိုက်ညီလားဆိုတာက ကမ္ဘာကလည်း သိတယ်။ ပြည်ထောင်စုတစ်ခုလုံးရဲ့ တိုင်းရင်းသားတွေကလည်း သိတယ်။ လူပြိန်းလည်း သိတယ်။ ဒါတွေက ပြောစရာ မလိုဘူး။

မေး။ ။ အဲ့ဒီတော့ ကိစ္စတစ်ခုလုပ်မယ်ဆိုရင် ပြည်သူလူထုရဲ့အသံ နားမထောင်ဘဲနဲ့ လုပ်ခွင့်ရှိတယ်လို့ အဓိပ္ပာယ် သက်ရောက်လား။

ဖြေ။ ။ ကုန်ကုန်ပြောရရင် မဲစနစ် အရေအတွက်နဲ့ကြည့်မယ်ဆိုရင် မဲများတဲ့သူကတော့ လွှတ်တော်ထဲမှာ နိုင်မှာပေါ့။

မေး။ ။ အဲ့တော့ အခု တံတားကိစ္စမှာ ပြည်သူလူထုက အရေးမကြီးဘူးဆိုတဲ့သဘော သက်ရောက်သလား။

ဖြေ။ ။ ဟုတ်တယ်။ အဲ့လိုပုံစံမျိုး ဖြစ်သွားတာပေါ့။ အဖြစ်အပျက်က အဲ့လို ဖြစ်သွားတာပေါ့။ ဒေသရဲ့ အကြောင်းအရာတွေကို သူတို့က ဂရုမစိုက်တဲ့ ပုံစံ ဖြစ်သွားတာပေါ့။ အဖွဲ့တစ်ခုပုံစံ ဖြစ်သွားတာပေါ့။ ကိုယ့်အဖွဲ့မှာ လူများတဲ့အခါကျတော့ များတဲ့လူနဲ့ ဖိချလိုက်တာပေါ့။ အဲ့ဒီတော့ ပြည်သူတွေရဲ့ဆန္ဒက ဘာမှဖြစ်မလာဘူးပေါ့။ သေသေချာချာဆိုရင် ဒေသခံတွေရဲ့ ဆန္ဒဖြစ်မြောက်ရေးဆိုရင် ပိုပြီးတော့ ကောင်းပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly