သချင်္ာမေးခွန်း မှားယွင်းမှု ကျောင်းသား/သူတွေ နစ်နာမှုရှိမည်မဟုတ်ဟု ပညာရေးဒုဝန်ကြီး ပြော

သချင်္ာမေးခွန်း မှားယွင်းမှု ကျောင်းသား/သူတွေ နစ်နာမှုရှိမည်မဟုတ်ဟု ပညာရေးဒုဝန်ကြီး ပြော
ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်း (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၁၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သချင်္ာဘာသာရပ် မေးခွန်း(ပြည်တွင်း)တွင် အမှတ် ၂၄မှတ်ဖိုး မှားယွင်းခဲ့မှုကြောင့် ကျောင်းသား၊ ကျောင်းသူများ နစ်နာမှုရှိမည်မဟုတ်ဟု ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောဆိုလိုက်သည်။

“မပူနဲ့၊ မပူနဲ့။ နစ်နာမှုတို့ ဘာတို့ ဘယ်သူမှ မရှိဘူး” ဟု မတ်လ ၁၅ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဦးဝင်းမော်ထွန်းက ဖြေကြားသည်။

“မှားတယ်၊ မှန်တယ်၊ ဘာလုပ်မယ်ဆိုတာ စာစစ်မှူးအဖွဲ့ရဲ့ အစီရင်ခံစာပေါ် မူတည်လိမ့်မယ်။ ဘယ်လိုမှားလည်း ဒါသိမှ ပြောလို့ရမယ်” ဟုလည်း ဦးဝင်းမော်ထွန်းက ပြောသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယခု မတ်လ ၈ရက်က စတင်ဖြေဆိုနေခြင်းဖြစ်ပြီး မတ်လ ၁၀ရက်က ဖြေဆိုခဲ့သည့် သချင်္ာဘာသာရပ် မေးခွန်းတွင် အမှတ် ၂၄မှတ်ဖိုး မှားယွင်းနေခြင်း ဖြစ်သည်။

အဆိုပါ မေးခွန်းလွှာတွင် တစ်မှတ်တန် Section (A), No.24 ၌ မေးခွန်းလွဲမှားမှု၊ သုံးမှတ်တန် Section (B), No.4 ၌ ပေးချက်မပြည့်စုံမှု၊ ငါးမှတ်တန် မေးခွန်းများဖြစ်သည့် Section (C), No.7 (A), 7 (B) နှင့် Section (C), No.8 (B) တို့တွင် ပုစ္ဆာမေးခွန်း သတ်မှတ်ချက်များ မပြည့်စုံဘဲ အားနည်းနေမှု၊ Section (C), No.15 (A) တွင် ပုစ္ဆာလွဲမှားနေမှုတို့ ဖြစ်ပေါ်ခဲ့သည်ဟု သချင်္ာဘာသာရပ်ကို သင်ကြားသည့် ဆရာများက ထောက်ပြပြောဆိုကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly