ရဲများက လောင်းကစားနှင့် တရားမဝင်လုပ်ငန်းများအား အကာအကွယ်ပေးနေဟု တိုင်းလွှတ်တော်တွင် တင်ပြ

ရဲများက လောင်းကစားနှင့် တရားမဝင်လုပ်ငန်းများအား အကာအကွယ်ပေးနေဟု တိုင်းလွှတ်တော်တွင် တင်ပြ

ပုသိမ်၊ မတ်လ ၁၅ ။            ။ လောင်းကစားမှုများ၊ သစ်ကားများ၊ အရက်ပုန်းဆိုင်များအား ရဲများလိုင်းကြေးတောင်း အုပ်ချုပ်ရေးမှူးနှင့်စာရေးများ လာဘ်စားအကာအကွယ်ပေးနေကြောင်း တိုင်းကိုယ်စားလှယ်များ မတ်လ ၁၅ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

"သက်ဆိုင်ရာဝန်ထမ်းအချို့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ဟာ တရားဥပဒေစိုးမိုးမှုနှင့် တရားဥပဒေကိုလေးစားလိုက်နာမှုမရှိဘဲ နှစ်လုံး၊ သုံးလုံးထီလောင်းကစား၊ တရားမဝင်အရက်ဆိုင်များ၊ အာဝါဒေး ( လောင်းကစားပွဲအစုံ) ပွဲများကို ရဲများက လိုင်းကြေးကောက်တောင်း၍ သော်လည်းကောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများကလာဘ်စား၍လည်းကောင်း တရားဥပဒေကို မျက်ကွယ်ပြုအကာအကွယ်ပေးနေသည်”ဟု မြန်အောင်မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်စုစုအောင်က လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

မြန်အောင်မြို့နယ် တောင်ရိုးဒေသ အင်ပင်တိုက်နယ် တောထဲတွင် တစ်ပတ်လျှင် ၃၊၄ရက် အာဝါဒေး ပွဲများ ပြုလုပ်နေကြောင်း ပြောသည်။

"သာပေါင်းမြို့နယ် ကျွန်လျားကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးအနေဖြင့် သစ်၊မီးသွေး၊ဝါးစသည့် သစ်တောထွက်ပစ္စည်းများအား တရားမဝင် ထုတ်လုပ်ဖြန့်ဖြူးသယ်ဆောင်နေခြင်းကို လာဘ်ပေးလာဘ်ယူခွင့်ပြုပေးခြင်း၊ ကျွန်းလျားကြိ်းကျေးရွာအုပ်စု သဲဖြူကျေးရွာတွင် အုပ်ချုပ်ရေးမှူးရုံးနှင့်ရဲကင်း ရှေ့ရှိကားလမ်းမှ သစ်ကား၊ မီးသွေးကားများ တရားမဝင်ခိုးထုတ် သယ်ဆောင်နေခြင်းကို ရဲကင်းနှင့်ပေါင်းကာ သယ်ခွင့်ပြုနေခြင်း၊ သဲဖြူကားဂိတ်တွင် တရားမဝင်လိုင်စင်မဲ့ အရက်များ ရောင်းချနေသည့်ကို ဥပဒေအရအရေးမယူဘဲ ခွင့်ပြုထားခြင်း၊ ဒေသခံများ အလုပ်အကိုင် ရှားပါးမှုကို အကြောင်းပြကာ မီးသွေးဖိုတစ်လုံးလျှင် ဘယ်လောက်၊ တရားမဝင် သစ်ခုတ်လှဲရာတွင် အသုံးပြုသည့် ချိန်းစောတစ်လုံးလျှင် ဘယ်လောက်စသည့်ဖြင့် အခကြေးငွေသတ်မှတ်ကောက်ယူပြီး တရားမဲ့ တရားမဝင်လုပ်ငန်းများအား ခွင့်ပြုပေးနေသောကြောင့် ပြည်သူများမှ တင်ပြတိုင်ကြားထားကြောင်း”တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြခဲ့သည်။

ရေကြည်မြို့နယ်၊ တိုင်းဒေသကြိီးကိုယ်စားလှယ် ဦးမျိုးညွန့်က "အုပ်ချုပ်ရေးနယ်မြေအတွင်း ဥပဒေမဲ့ လုပ်ငန်းများကို အစိုးရသစ်တက်ကာလအချိန်တွေ ခေတ္တလိုက်နာသလိုလုပ်ပြီး သွေးတိုးစမ်းကာ ယခင်ပုံစံအတိုင်း ပြန်ဖြစ်ဖို့ဦးတည်နေကြောင်း” ထောက်ပြဆွေးနွေးခဲ့သည်။

ဝါးခယ်မမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဌေးအောင်က မြို့နယ်များမှ ကျေးရွာအုပ်ချုပ်ရေးမှူး အချို့နှင့်သက်ဆိုင်ရာဝန်ထမ်းများ အချို့၏မမှန်မကန်လုပ်ရပ်များကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထိန်းကျောင်းပေးရန် တိုက်တွန်းကြောင်း အဆိုအား ပ ဉ္စမပုံမှန်အစည်းအဝေး ပထမနေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး မတ်လ၁၅ရက်နေ့တွင် အဆိုအား တိုင်းဒေသကြီးကိုယ်စားလှယ် ရ ဦးက ဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly