အခြေခံဥပဒေ မပြင်လိုသူတွေ သမိုင်းရဲ့ ဖယ်ရှားခြင်း ခံရမယ်လို့ သူရဦးအောင်ကို ပြော

အခြေခံဥပဒေ မပြင်လိုသူတွေ သမိုင်းရဲ့ ဖယ်ရှားခြင်း ခံရမယ်လို့ သူရဦးအောင်ကို ပြော
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(မတ်လ ၁၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အင်အားကြီးသူ အနိုင်ယူသည့် တောရိုင်းဥပဒေ အဆင့်သာရှိသည့် ဥပဒေဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဝေဖန်လိုက်ပြီး အဆိုပါ ဥပဒေအား  ပြင်ကို ပြင်ရမည်ဟု ၎င်းက ပြောဆိုလိုက်သည်။

“၂၀၀၈ အခြေခံဥပဒေစာအုပ်ကြီးကို ဖက်တွယ်ထားမှာလား။ ပြည်သူလူထုရဲ့ဆန္ဒနဲ့ အကျိုးစီးပွားကို ကာကွယ်ရပ်တည်မှာလားလို့ ဒါကို ပြောခဲ့တာ ရှိတယ်။ ဆိုတော့ ဒီအခြေခံဥပဒေစာအုပ်ကြီးကို ဖက်တွယ်ထားမယ်ဆိုရင်တော့ ဒါကို သမိုင်းက ပြင်သွားလိမ့်မယ်။ ဖက်တွယ်ထားသူတွေ သမိုင်းရဲ့ဖယ်ရှားခြင်းကို ခံရလိမ့်မယ်” ဟု သူရဦးအောင်ကို မတ်လ ၁၅ရက်၊ ပြည်ထောင်စုလွှတ်တော် ခေတ္တရပ်နားချိန်တွင် မီဒီယာများကို ပြောသည်။

အခြေခံဥပဒေသည် လူထုဆန္ဒကို ကိုယ်စားပြုခြင်းမရှိဘဲ လူတစ်စု၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရန် ရေးဆွဲထားသည့် ဥပဒေဖြစ်သည်ဟုလည်း သူရဦးအောင်ကိုက ဝေဖန်ပြောဆိုသည်။

အခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်းမရှိပါက “နံပါတ်(၁) ကနေ့ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်အပါအဝင် နိုင်ငံတော်အကြီးအကဲတွေ ကြိုးပမ်းနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေး မရနိုင်ဘူး။ နံပါတ်(၂) တရားဥပဒေစိုးမိုးမှုနဲ့ အေးချမ်းသာယာမှု မရနိုင်ဘူး။ နံပါတ်(၃) တိုင်းရင်းသားပြည်သူတွေ မျှော်မှန်းတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်မလာနိုင်ဘူး” ဟု သူရဦးအောင်ကိုက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် အခြေခံဥပဒေပြင်ဆင်ရေးအတွက် လက်လျှော့မည်မဟုတ်ဘဲ ပြင်နိုင်သည့်နည်းလမ်းဖြင့် ပြင်ဆင်သွားမည်ဟု ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကော်မတီ ဥက္ကဌဖြစ်သူ NLD ၏ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က မဇ္ဈိမကို ပြောဆိုထားသည်။

ပြည်တွင်းငြိမ်းချမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဓိက ကြိုးပမ်းမည်ဟု အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြေငြာစာတမ်းတွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly