စားသုံးသူရေးရာပြဿနာရပ်များအပေါ် ထိရောက်စွာအရေးယူမှု အားနည်း

စားသုံးသူရေးရာပြဿနာရပ်များအပေါ် ထိရောက်စွာအရေးယူမှု အားနည်း

ရန်ကုန် မတ်၁၅ ။           ။ စားသုံးသူရေးရာပြဿနာရပ်တွေမှာ ဌာနဆိုင်ရာတွေအနေနှင့် ထိရောက်စွာ အရေးယူမှုအပိုင်း အားနည်းနေသေး ဟု မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

"အခု ငါးခြောက်တွေက ထိုင်းနိုင်ငံမှာ လုံးဝသန့်ရှင်းသွားပြီ။ ပိုးသတ်ဆေးမပါတော့ဘူး။ ဆရာတို့နိုင်ငံမှာ အဲဒီလို အရေးယူမှုတွေ လိုအပ်နေတာ။ အခုအချိန်ထိ မြန်မာနိုင်ငံမှာ ငပိဆိုလည်း ဆိုးဆေးတွေနဲ့ ပိုးသတ်ဆေးတွေ ပါနေတုန်းပဲ။ ဒါတွေက ပြတ်ပြတ်သားသားအရေးယူဖို့တော့ လိုအပ်နေပြီ။ မြန်မာပြည်သူတွေ နေ့စဉ်စားသောက် နေကြရတာ။ မုန့်ဟင်းခါးတွေ၊ ခေါက်ဆွဲတွေ၊ ပဲဖက်တွေမှာ   ဖော်မလင်သုံးတာမျိုးတွေ ဒါတွေက လုပ်ငန်းလိုင်စင် ပိတ်သိမ်းပြီး ထောင်ချအရေးယူပစ်ရမယ့် ကိစ္စတွေလေ။ ဌာနဆိုင်ရာတွေဘက်ကလည်း ထိထိရောက်ရောက် အရေးယူပေးရမှာ" ဟု မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် စားသုံးများအနေဖြင့်လည်း စားသုံးသူအခွင့်အရေးဆိုင်ရာအသိပညာကို သိရှိမှု အားနည်းနေသေးသည့် အပြင် ပြည်သူများကိုယ်တိုင် ထိရောက်သည့် တိုင်တန်းမှုများ လိုအပ်နေသေးသည်ဟု စားသုံးသူကာကွယ်ရေး အသင်း(ဗဟို) အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

"လောလောဆယ်ကျွန်တော်တို့နိုင်ငံမှာ အစားအသောက်နဲ့ပတ်သက်ပြီး အရေးယူမှု အားနည်းနေသေးတယ်။ ပြည်သူတွေက တိုင်တန်းရမယ်လေ။ စားသုံးသူရေးရာဦးစီးဌာန အငြင်းပွားမှုအဖွဲ့မှာဆိုရင် ပြည်သူတွေက အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအစာကိစ္စရပ်တွေမှာ ပြည်သူတွေက တိုင်တာနည်းတယ်။ အဲဒီတော့ အရေးယူမှု အပိုင်းမှာလည်း အားနည်းရတယ်။ ဒါကြောင့် ပြည်သူတွေက သူတို့ရဲ့အခွင့်အရေးကို သိပြီး တိုင်တန်းနိုင်ဖို့ NGO တွေနဲ့ အစိုးရပိုင်းက ပညာပေးမှုတွေ ပိုပြီးဆောင်ရွက်ကြရမှာ" ဟု စားသုံးသူကာကွယ်ရေး အသင်း(ဗဟို) အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး စားသုံးသူရေးရာ ပညာပေးဟောပြောခြင်းများနှင့် ပညာပေးပိုစတာချိတ်ဆွဲပြသခြင်းများ   ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးအသင်း၏ စစ်တမ်းများအရ မိသားစုတစ်စုလျှင် လူတစ်ဦး ကင်ဆာဖြစ်နေပြီး နိုင်ငံတကာနှင့်နှိုင်းယှဉ်လျှင် ဒုတိယကင်ဆာဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly