လောလောဆယ် ဒုက္ခသည် ၃ဝဝဝ နီးပါးလောက်တော့ ရှိသွားပြီ

လောလောဆယ် ဒုက္ခသည် ၃ဝဝဝ နီးပါးလောက်တော့ ရှိသွားပြီ

လောက်ကိုင်စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည် ၃ဝဝဝ ကျော်ကို ကူညီစောင့်ရှောက်ပေး နေတဲ့ မန်ဆူရှမ်းကျောင်းမှ ကျောင်းထိုင်ဆရာတော်ဖြစ်သူ ဦးပုညနန္ဒနှင့် အင်တာဗျူး

မေး။ ။ အရှင်ဘုရားအနေနဲ့ပေါ့ အခုဒီမှာ လောက်ကိုင်စစ်ပွဲကြောင့် ရှောင်တိမ်းလာတဲ့ ဒုက္ခသည်တွေကို ကူညီပေးနေတယ်လို့ သိရပါတယ် ဘုရား။ အရှင်ဘုရားအနေနဲ့ ဘယ်လိုမျိုး ကူညီစောင့်ရှောက်မှုတွေ ပေးနေလဲဆိုတာ သိပါရစေဘုရား။

ဖြေ။ ။ စစ်ဘေးရှောင်တွေကတော့ ဒီနေ့နဲ့ဆိုရင်တော့ ၆ ရက်နေ့ကနေ ရောက်လာတာပေါ့။ ၆ ရက်နေ့ လောက် မှာပဲ စစ်ဘေးရှောင် တွေက ဒီကိုရောက်လာကြတယ်။ အဓိက ဘုန်းဘုန်းတို့ ဒီမှာလည်းပဲ နဂိုတည်းက ဦးဆောင်နေကျဆိုတော့ သူတို့လည်း ဒီမှာပဲ ဦးတည်ပြီးတော့ လာကြတာ။ လာကြတော့ သူတို့ရဲ့ စားဝတ်နေရေးတို့၊ နေထိုင်မှုတို့ နောက်ပြီးတော့ အိမ်ပြန်ဖို့တို့အတွက် ဒီမှာ တစ်ထောက်နားလို့ရအောင် အဆင်ပြေပြေဖြစ်ဖို့အတွက် ဌာနဆိုင်ရာတွေ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ နောက် လားရှိုးဌာနဆိုင်ရာ အကြီးအကဲတွေ အားလုံးပေါ့၊ စေတနာရှင်တွေ၊ လူမှုအသင်းအဖွဲ့အစည်းတွေ၊ နောက်ကြက်ခြေနီ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီးတော့မှ သူတို့ စားဖို့၊ နေဖို့ ၊ အားလုံးပြန်ဖို့ လုပ်ဆောင်ပေးနေတဲ့ အပြင် ကျန်းမာရေးအနေနဲ့လည်း စစ်တပ်ကလည်းပါတယ်။ နောက်ပြီး ပြည်သူဆေးရုံကလည်း ပူးပေါင်းပါဝင်တာပေါ့။ သူတို့နှစ်ဖွဲ့ပေါ့ အချိန်နဲ့ တပြေးညီ ဆေးကုသပေးနေ တယ်။ ဆေးရုံတင်သင့်ရင် ဆေးရုံတင်ပေးတယ်။ အားလုံးကလည်း အတတ်နိုင်ဆုံးပေါ့ အနယ်နယ် အရပ်ရပ်က သူတွေရော၊ လားရှိုးပြည်သူတွေရော ပူးပေါင်းပြီးတော့မှ လာရောက်လှူဒါန်းတဲ့ အားနဲ့ ဘုန်းဘုန်းတို့ ဆောင်ရွက်နေပါတယ်။

မေး။ ။အခုလက်ရှိမှာရော ဆရာတော်တို့ ကူညီပေးထားတဲ့ လောက်ကိုင်စစ်ဘေးရှောင် ဒုက္ခသည် ဘယ်လောက်ထိ ရှိသွားပြီလဲ ဘုရား။

ဖြေ။ ။ဒုက္ခသည်ကတော့ ဒီတစ်ခေါက်ကတော့ ကူညီပေးထားတာ လောလောဆယ် ၃ဝဝဝ နီးပါးလောက်တော့ ရှိသွားပြီ။ သတင်းတွေကြားတာ နောက်ထပ်ရောက်လာဖို့ ရှိဦးမယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ရောက်လာတော့လည်း လူသားချင်းစာနာတဲ့ အနေနဲ့ လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးကို တာဝန်ဝတ္တရားက တစ်ပိုင်း၊ စေတနာကတစ်ပိုင်း ကူညီပေးရမှာပေါ့။

 မေး။ ။လောက်ကိုင်က ရှောင်တိမ်းလာတဲ့ ဒုက္ခသည်တွေမှာ ဒေသခံတွေအပြင် လောက်ကိုင်လာပြီး အလုပ် လုပ်ကိုင်နေတဲ့ သူတွေလည်းပါတယ်လို့ကြားတယ်ဘုရား။ ဘယ်နေရာတွေကလဲ ဘုရား။

ဖြေ။ ။ ဒီမှာကူညီစောင့်ရှောက်ထားတာကတော့ အကုန်လုံး အညာကပေါ့နော်။ အောင်လံတို့၊ သရက်တို့၊ ကျောက်ဆည်တို့ အညာဒေသတွေ အစုံပါပါတယ်။

မေး။ ။ တင်ပါ့ဘုရား။ အခုလည်း လောက်ကိုင်မှာ ကားခတွေ စျေးကြီးလို့ မလာနိုင်ဘဲ ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ ရှိနေသေးတဲ့အတွက် အရှင်ဘုရားတို့ ကူညီပေးနေတယ်လို့ ကြားတယ်ဘုရား။ ဘယ်လိုပုံစံမျိုးကူညီပေးနေပါလဲ ဘုရား။

ဖြေ။ ။ ဟုတ်ပါတယ်။ အခုဒီမနက်ပဲ ဝေဠုကျော်ဖောင်ဒေးရှင်းအဖွဲ့နဲ့ လောက်ကိုင်ကို ထွက်သွားကြပါပြီ။ မနက် ခြောက်နာရီမှာ ထွက်သွားပါပြီ။ လောက်ကိုင်မှာရှိတဲ့ ရွာကြိုရွာကြားတွေမှာ ပိတ်မိနေတဲ့ သူတွေကို ကယ်ဖို့ ဘုန်းဘုန်းတို့ ပရဟိတကူညီရေးအသင်းတွေနဲ့ နောက် ဖောင်ဒေးရှင်းအဖွဲ့နဲ့ ပါလာတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တော့မှ ဒီမနက်ပဲ ကား ၆ စီးနဲ့ ထွက်သွားပြီးတော့ ကယ်ဆယ်နေပါပြီ။

မေး။ ။ ရောက်လာတဲ့ လောက်ကိုင် စစ်ဘေးရှောင်ဒုက္ခသည်တွေကို ဆရာတော်ဘုရားတို့ ဘယ်လို စောင့်ရှောက်မှုတွေ ပေးပါလဲ ဘုရား။ နေရပ်ပြန်ပို့ပေးတယ်လို့လည်း ဆရာတော် မိန့်ကြားတဲ့ အထဲပါပါတယ် ဘုရား။

ဖြေ။ ။ဒုက္ခသည်တွေ ဒီကို ရောက်လာရင်တော့ ဘုန်းဘုန်းတို့ ကားချိန်းပေးတယ်။ နေရပ်ပြန်ဖို့အတွက် တစ်ချို့ကျတော့ ကားချိန်းမယ်။ တစ်ချို့ကျတော့ လာတဲ့ကားနဲ့ပဲ တစ်ခါတည်းပြန်လိုက်မယ်ဆိုရင် တစ်ထောက်နား၊ တစ်ညနားမယ်ပေါ့။ နေမကောင်းတဲ့ ပုဂ္ဂိုလ်တွေလည်း ပါရင်တော့ နှစ်ညနားမယ်။ နားပြီးရင်တော့ ဥပမာ - လိုအပ်တဲ့ ဆေးကုသပေးတာတို့ ဘာတို့၊ နေရာထိုင်ခင်း၊ စားတာသောက်တာ အစစ အရာရာ စီစဉ်ပေးပြီး ပြန်ချင်ရင် ချက်ချင်းပြန်ပို့ပေးပါတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ ချက်ချင်းပြန်ချင်တယ်ဆိုရင် လည်း ချက်ချင်းကားစီစဉ်ပြီး ပို့ပေးပါတယ်။

မေး။ ။ လောက်ကိုင်မှာ စစ်ပွဲတွေဖြစ်တာက အခုတစ်ခါနဲ့ဆိုရင် သုံးကြိမ်မြောက်ပါဘုရား။ ဒီလိုစစ်ပွဲတွေ ခဏခဏ ဖြစ်နေတဲ့ အပေါ်မှာ ဆရာတော်ဘုရားရဲ့ အမြင်ကို သိပါရစေဘုရား။

ဖြေ။ ။ ပထမ တစ်ခေါက်ဖြစ်တုန်းကလည်း ဒုက္ခသည် သောင်းကျော်ရှိတယ်။ ပထမအကြီးမားဆုံးပေါ့။ ဒီတစ်ခေါက် ကတော့ ဒုတိယ အကြီးမားဆုံး အကြိမ်ပေါ့။ အခုကလည်းပဲ ဒုက္ခသည်တွေပေါ့နော် တဖြည်းဖြည်းများလာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လောက်ကိုင်ဘေးပတ်ပတ်လည် ရွာတွေနားမှာ ကြိုကြား၊ ကြိုကြား စစ်ပွဲတွေဖြစ်နေတုန်း ဆိုတော့။ ဘုန်းဘုန်းတို့အနေနဲ့ကတော့ ဒီစစ်ပွဲတွေကို အားလုံးပေါ့နော် မဖြစ်တာတော့ အကောင်းဆုံးပေါ့။ ဘယ်သူမဆို တစ်ယောက်နဲ့ တစ်ယောက် သဘောထားတွေ၊ နားလည်မှုလေးတွေယူပြီးတော့မှ အေးအေးချမ်းချမ်းနဲ့ ဖြစ်သွားရင်တော့ ဒီဒုက္ခတွေကနေ လွတ်ကင်းသွားမယ်လို့ ထင်ပါတယ်။

မေး။ ။ နောက်ဆုံးမေးခွန်းပါဘုရား။ ခုလို တိုက်ပွဲတွေဖြစ်တိုင်း ဒုက္ခရောက် နေတဲ့သူတွေ အပေါ် ကူညီ စောင့်ရှောက်နေတဲ့ ဆရာတော်ဘုရားအနေနဲ့ ဖြည့်စွက် မိန့်ကြားချင်တာ ရှိပါလား ဘုရား။

ဖြေ။ ။ ဒီဟာတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ်ပေ့ါ။ သဘောက သဘာဝဘေးဒဏ်ပဲဖြစ်ဖြစ်၊ အကြောင်းမျိုးမျိုးကြောင့် ဒီလို စစ်ပွဲတွေဖြစ်တာပဲဖြစ်ဖြစ်ပေါ့နော်။ ဖြစ်လာပြီ ဆိုရင်တော့ ဒါတွေက လွန်ဆန်လို့မရတဲ့ သဘော တရားတွေလေ။ ဒါကြောင့် အားလုံးက အသိရော၊ စေတနာရော၊ တာဝန်ရော ဝိုင်းဝန်းကူညီကြပါလို့ တိုက်တွန်းချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly