မြန်မာဆရာများနှင့် တွဲဖက်သင်ကြားရန် အမေရိကန်စေတနာ့ဝန်ထမ်း ၁၆ ဦး ရောက်ရှိမည်

မြန်မာဆရာများနှင့် တွဲဖက်သင်ကြားရန် အမေရိကန်စေတနာ့ဝန်ထမ်း ၁၆ ဦး ရောက်ရှိမည်
ဓာတ်ပုံ-အမေရိကန်သံရုံး

ရန်ကုန်၊ မတ်လ ၁၅ ။              ။ အမေရိကန် ပိစ်ကော( Peace Corps) အဖွဲ့မှ စေတနာ့ဝန်ထမ်း ၁၆ ဦးကို မြန်မာဆရာ၊ ဆရာများနှင့် တွဲဖက်သင်ကြားရန် ဒုတိယအသုတ်စေလွှတ်မည်ဟု အမေရိကန်သံရုံးမှ မတ်လ ၁၅ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန် စေတနာ့ဝန်ထမ်း ၁၆ ဦးသည် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် အင်္ဂလိပ်ဘာသာပြ မြန်မာဆရာ၊ ဆရာမများနှင့် လက်တွဲ၍ တာဝန်ထမ်းဆောင်သွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလက အင်္ဂလိပ်ဘာသာစကားသင်ကြားပေးရန်အတွက် အမေရိကန် Peace Corps အဖွဲ့မှ ပထမအသုတ် အနေနှင့် စေတနာ့ဝန်ထမ်း ၆ ဦးဖြင့် သင်ကြားခြင်း  စေလွှတ်ခဲ့ပြီး ယခု ဒုတိယအကြိမ် ဖြစ်သည်။

၎င်းစေတနာ့ဝန်ထမ်းများအနေဖြင့် တာဝန်မထမ်းဆောင်မီအချိန်အတွင်းတွင် မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှု၊ သင်ကြားရေးစွမ်းရည်၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြံုရေးဆိုင်ရာ သင်တန်းများကို သီတင်းပတ်ဆယ်ပတ်ကြာ ကြိုတင်တက်ရောက်ကြမည်ဖြစ်ပြီး ရောက်ရှိမည့်ရက် အတိမကျကိုမူ မထုတ်ပြန်သေးပေ။

ယခင် ပထမအသုတ်ရှိ စေတနာ့ဝန်ထမ်း ၆ ဦးမှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင် တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး လုပ်ဖော်ကိုင်ဖက် ဆရာ၊ဆရာမများနှင့် တွဲဖက်ကာ သီတင်းပတ်တစ်ပတ်လျှင် ပျှမ်းမျှ အတန်း ၁၅ တန်းခန့်၌ ကျောင်းသူ၊ ကျောင်းသား ၂၁၀၀ ကို သင်ကြားပို့ချပေးခဲ့သည်။

ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပညာရည်အဆင့်အတန်းမြှင့်တင်ရေး၊ ဆရာ၊ ဆရာမများ၏စွမ်းရည် မြှင့်တင်ရေး၊ ကျောင်းသား၊ ကျောင်းသူများကို အရည်အသွေးမီ အင်္ဂလိပ်ဘာသာစကား သင်ကြားပို့ချရေးလုပ်ငန်းများကိုလည်း အမေရိကန် Peace Corps အဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly