စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ
ဓာတ်ပုံ-UMFCCI

ရန်ကုန်၊ မတ်လ ၁၅  ။                 ။  မော်တော်ကားစက်မှုဇုန် တည်ထောင်ခြင်းအပါအဝင် စီးပွားရေးဆိုင်ရာလုပ်ငန်းကိစ္စများနှင့် ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ မတ်လ ၁၃ ရက်က UMFCCI ၌ တွေ့ဆုံခဲ့သည်။

 အဆိုပါပွဲမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲ  ဖြစ်ပြီး မော်တော်ကားဆက်စပ်ပစ္စည်းထုတ်လုပ်သည့် ကားစက်မှုဇုန် တည်ထောင်ပေးစေလိုကြောင်း နှင့် MIC ( မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်) ခွင့်ပြုချက်ဖြင့် ကားတပ်ဆင်ထုတ်လုပ်ပြီးသော်လည်း ကညနမှ ယာဉ်မှတ်ပုံတင်ပေးရန် ကြန့်ကြာနေခြင်း၊ မော်တော်ကားပေါ်လစီချမှတ်ပေးစေလိုခြင်းများ တင်ပြခဲ့ကြသည်။

 မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ ၀န်ကြီးသို့ တင်ပြခဲ့ခြင်းဖြစ်ပြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ Myanmar Microfinance Association အပါအဝင် ကြံုတွေ့နေရသော ကိစ္စရပ်များအား တင်ပြခဲ့ကြသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ လန ၃၉မရှိဘဲ ကန်တူးဖော်ကာ လုပ်ငန်းဆောင်ရွက်ခြင်း မရှိသူများကို ဒဏ်ကြေး ၁၀ သိန်း သတ်မှတ်သည့်အတွက် အခက်အခဲရှိသည်ဟု တင်ပြကာ စျေးနှုန်းညှိနှိုင်းစေလိုကြောင်း ၀န်ကြီးသို့ ပြောသည်။

 မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ဘဏ်များမှ အတိုးနှုန်းသက်သာစွာနဲ့ ငွေချေးပေးစေလိုကြောင်း၊ လုပ်ငန်းရှင်တွေက ကြိုတင်ငွေများ ပေးဆောင်ရသော်လည်း နောက်ကျသည့်အခါ ၁၀% ဒဏ်ကြေးအပြင် အပိုထပ်ဆောင်းငွေများ ပေးနေရသောကြောင့်  ၁၀% ကိုကင်းလွှတ်ခွင့်ပေးရန် ပြောခဲ့သည်။

 အခြားစီးပွားရေးလုပ်ငန်းများမှလည်း အသီးသီးတင်ပြခဲ့ပြီး ၀န်ကြီးက ဆောင်ရွက်ရန် အခြေအနေများ အား ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ Myanmar Microfinance Association၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းနှင့် တရားဝင်အသိအမှတ်ပြု မော်တော်ယာဉ်ဖြန့်ဖြူးရောင်းချသူများအသင်း (ရန်ကုန်)တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly