ပခုက္ကူခရိုင်အတွင်း သောက်သုံးရေ အခက်အခဲရှိသည့် ကျေးရွာအချို့အား ရေလှူဒါန်းမှုများ စတင်

ပခုက္ကူခရိုင်အတွင်း သောက်သုံးရေ အခက်အခဲရှိသည့် ကျေးရွာအချို့အား ရေလှူဒါန်းမှုများ စတင်

ပခုက္ကူ မတ် ၁၅ ။             ။ ပခုက္ကူခရိုင်အတွင်း နွေရာသီကာလ သောက်သုံးရေ အခက်အခဲရှိသည့် ကျေးရွာအချို့အတွက် ရေစတင်လှူဒါန်းနေရပြီ ဖြစ်ကြောင်း ပခုက္ကူ ရေအလှူတော်အဖွဲ့ထံမှ သိရသည်။

ယခုနှစ် နွေရာသီ ၀င်လာချိန်တွင် ရေဂါလံ သုံးသောင်းကျော်အထိ လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း ပခုက္ကူရေအလှူတော်အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဇော်ထွေးက ဆိုသည်။

"လှူဒါန်းနေရတာက သောက်သုံးရေ အခက်အခဲရှိတဲ့ကျေးရွာတွေကို လှူဒါန်းပေးရတယ်။ ပြီးတော့ စက်ရေတွင်းပျက်လို့ အခက်အခဲဖြစ်နေတဲ့ နေရာတွေလည်း လှူဒါန်းနေပါတယ်"ဟု ပခုက္ကူရေအလှူတော်အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဇော်ထွေးက ပြောသည်။

ယခုကဲ့သို့ သောက်သုံးရေ လှူဒါန်းသည့်အခါတွင် အလှူရှင်များနှင့် ပူးပေါင်းကာ လှူဒါန်းနေရကြောင်း သိရသည်။

ပခုက္ကူခရိုင်အတွင်းရှိကျေးရွာ အချို့သည် နွေရာသီကာလတွ ရေရှားပါးမှုပြဿနာများသည် နှစ်စဉ် ကြုံတွေနေရပြီး ဆက်လက်လှူဒါန်းရန် အလှူရှင်များလိုအပ်နေသည်။

"နှစ်စဉ်နွေရာသီမှာ ရေလှူနေရတဲ့အတွက်တော့ အလှူရှင်များ လိုအပ်နေတယ်။အဓိက ကတော့ ရေသယ်ယာဉ်အတွက် ပြင်ဆင်ထိန်းသိမ်းမှုနဲ့ ကျေးရွာတွေသွားရောက်လှူဒါန်းတဲ့ အခါ စက်သုံးဆီအတွက် လှူဒါန်းမယ့် အလှူရှင်လိုအပ်နေတာပါ"ဟု ဦးမျိုးဇော်ထွေးက ပြောသည်။

ပခုက္ကူရေအလှူတော်အဖွဲ့ အနေဖြင့် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်နွေရာသီကာလတွင် သောက်သုံးရေ အခက်အခဲဖြစ်ခဲ့သည့် ကျေးရွာပေါင်း ၄၄ ရွာအတွက် ရေဂါလံစုစုပေါင်း ၁၀သိန်းကျော် လှူဒါန်းခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly