တနင်္သာရီမြစ်ဖျားဒေသတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာ မြစ်ချောင်းများနေ့ကျင်းပ

တနင်္သာရီမြစ်ဖျားဒေသတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာ မြစ်ချောင်းများနေ့ကျင်းပ
တနင်္သာရီမြစ်ဖျား မရုန်းကျေးရွာအနီး မြစ်ကြောင်းတစ်နေရာ၌ No Dam ဆိုသည့်စာသားကိုတွေ့ရစဉ်။ (ဓာတ်ပုံ- ဇော်နီ)

မြိတ်၊ မတ်-၁၅ ။            ။ တနင်္သာရီတိုင်းဒေသကြီးရှိ  တနင်္သာရီမြစ်ဖျားတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာမြစ်ချောင်းများနေ့ အထိမ်းအမှတ်အခမ်းအနားတစ်ခုကို မတ်လ ၁၄ ရက်က ကျင်းပခဲ့သည်။

တနင်္သာရီမြစ်ဖျားသည် တနင်္သာရီမြို့နယ် ကျောက်လုံးကြီးတိုက်နယ် မရုန်းကျေးရွာအနီး၌ တည်ရှိခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားသို့ မြစ်ဖျားဒေသရှိ ကျေးရွာအချို့မှ ဒေသခံများလည်း တက်ရောက်ခဲ့ကြပြီး တနင်္သာရီချောင်းမကြီးအဖွဲ့၊ Southem Youth အဖွဲ့နှင့် ခိုင်မြဲသစ္စာအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ်ဖျား မရုန်းကျေးရွာအနီး နဂါးချောင်းနှင့် တနင်္သာရီမြစ်မကြီးဆုံရာ နဂါးအိုင်နေရာတွင် မြစ်ကြောင်းကိုပိတ်ပြီး ရေကာတာတည်ဆောက်မည့်သတင်းများထွက်ပေါ်နေသည့် အခြေအနေအချို့ကြံုတွေ့ နေရသည့်အပြင် ဒေသတွင်း မြစ်ကြောင်းများ၌ ခဲသတ္တုတူးဖော်မှုစသည့် အခြေအနေများကို ဒေသခံများက မလိုလားသည့်အတွက် ပူးပေါင်းအဖြေရှာနိုင်ရန် ယခုကဲ့သို့ နိုင်ငံတကာမြစ်ချောင်းများနေ့ကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း တနင်္သာရီချောင်းမကြီးအဖွဲ့၏ အတွင်းရေးမှူးကပြောသည်။

“ဒီမရုန်းကျေးရွာနားက နဂါးအိုင်မှာ ရေကာတာဆောက်မယ်ဆိုတဲ့ အခြေအနေတွေ ကြားထားတယ်။ ဒီနေရာမှာဆောက်မယ်ဆိုရင် အပေါ်မှာရှိတဲ့ ရွာတွေမြှုပ်မယ်။ ဒေသခံတွေအတွက် မလိုလားအပ်တဲ့ ပြသ၁နာတွေဖြစ်လာနိုင်တယ်။ ဒါကြောင့် ရေကာတာမဆောက်အောင် ဒီနေရာမှာ နိုင်ငံတကာမြစ်ချောင်းများနေ့ကို ပထမဆုံးအနေနဲ့ ပြုလုပ်တာဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ထို့အပြင် သဘာဝသယံဇာတများ စည်းကမ်းတကျ ထုတ်ယူသုံးစွဲနိုင်မှာသာ နောင်အနာဂတ်မျိုးဆက်အတွက် ဘိုးဘွားအမွေတွေကို လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်ပြီး အချိန်တိုအတွင်း သယံဇာတများမကုန်ဆုံး မပျက်စီးစေရန် စည်းကမ်းတကျထုတ်ယူသုံးစွဲတတ်အောင် ပူးပေါင်းအဖြေရှာပေးကြရန်ကိုလည်း ခိုင်မြဲသစ္စာအဖွဲ့၏ အကြံပေးပုဂ္ဂိုလ် ဦးစောအဲဖရက်က တိုက်တွန်းပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly