"မန်း မြို့ဝင်ဂိတ် ၄ ဂိတ် လေလံပစ်မည်"

"မန်း မြို့ဝင်ဂိတ် ၄ ဂိတ် လေလံပစ်မည်"
မန္တလေး၊မိုးကုတ်လမ်းပေါ်ရှိ မန္တလေးမြို့ဝင် ရွှေကျင်ဂိတ်ပုံ)

မန္တလေး၊မတ် ၁၄ ။            ။ လမ်းအသုံးပြုခ ကောက်ခံသည့် မန္တလေးမြို့ဝင်ဂိတ် ၄ ဂိတ်ကို ၂၀၁၇/၂၀၁၈ဘဏ္ဍာရေးနှစ်အတွက် မတ်လ ၂၀ ရက်နေ့တွင် လေလံပစ်သွားမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် ဦးကျော်ဇောအောင်က မဇ္ဈိမကို ပြောသည်။

လေလံပစ်မည့် မြို့ဝင်ဂိတ်များမှာ ရွှေကျင်ဂိတ်၊အောင်ပင်လယ်ဂိတ် ၊ရွှေကြက်ယက်ဂိတ်၊ ထုံးဘိုဂိတ်တို့ ဖြစ်သည်။

"ဒီမောင်းတံ လေလံကြေးတွေက အရင်နှစ်တွေတုန်းက ငါးရာခိုင်နှုန်း၊ ငါးရာခိုင်းနှုန်းနဲ့ ရာခိုင်နှုန်းတိုးနဲ့ပေးလာခဲ့တာ ကျွန်တော့်လက်ထက်မှာ ဒီအခွန်ဌာနမှာ စတင်တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ဒီပေးတဲ့ဥစ္စာတွေက ခေတ်ကာလနဲ့လည်း မညီတဲ့အတွက် ကျွန်တော့်အနေနဲ့ မြို့တော်ဝန်ဆီ တင်ပြပြီးတော့ လေလံပစ်ဖို့ လုပ်ရခြင်းဖြစ်ပါတယ်"ဟု ဦးကျော်ဇောအောင်က ပြောသည်။

လေလံကြမ်းခင်းစျေးကိုသိန်းပေါင်း တစ်သိန်းလေးသောင်းဖြစ်ပြီး လေလံဆွဲမည့်သူများအနေဖြင့် နှစ်ဆယ့်ငါးရာခိုင်နှုန်း စပေါ်တင်၍ လေလံဝင်ရောက် ဆွဲယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

"အရင်ခေတ်တွေတုန်းကတော့ ဒီကြမ်းခင်းစျေးရဲ့ ငါးဆယ်ရာခိုင်းနှုန်းကို စပေါ်ငွေတင်ရမှာ။တင်မှသာ လေလံကို ဝင်ရောက်ဆွဲယူပိုင်ခွင့်ရှိတာ။ဒီနှစ်မှာကျတော့ လုပ်ငန်းရှင်တွေအားလုံးရဲ့ အကြံပြုချက်တွေပေါ် မူတည်ပြီးတော့ မြို့တော်ဝန်ကို တင်ပြပါတယ်။မြို့တော်ဝန်ခွင့်ပြုချက်နဲ့ ဒီလေလံ စပေါ်ငွေကို ဘယ်လို ပြောင်းလဲလိုက်လဲဆိုတော့ အရင်တုန်းက တစ်သိန်းလေးသောင်းနီးပါးဆိုရင် ခုနှစ်သောင်းလောက်သွင်းရမယ်။အဲလို ခုနှစ်သောင်းသွင်းလိုက်ရတဲ့အချိန်မှာ တစ်ချို့လုပ်ငန်းရှင်တွေမှာက သွင်းချင်ပေမယ့်လည်း ဒီငွေအမောက်အများကြီးကို တစ်ခါတည်း သိန်းပေါင်း ခုနှစ်သောင်းသွင်းပြီးမှ လေလံဝင်ဆွဲရမယ်ဆိုတော့ အဲဒီမှာ သူတို့ဟာ ငွေအင်အားတတ်နိုင်တဲ့သူတွေသာ ဆွဲနိုင်တဲ့ ပုံစံဖြစ်နေတာပေါ့"ဟု ယခင်နှင့်ယခု ကွာခြားမှုများကို ဦးကျော်ဇောအောင်ကရှင်းပြသည်။

ဆက်လက်၍ ဦးကျော်ဇောအောင်က "အဲဒါကြောင့် ဒီနှစ်မှာထူးခြားတဲ့အနေနဲ့ ပြောင်းလဲလိုက်တာတော့ ဒီ နှစ်ဆယ့်ငါးရာခိုင်နှုန်းသာ သွင်းပြီးတော့ အခုလို တစ်သိန်းလေးသောင်းဆိုရင် သုံးသောင်းခွဲ စပေါ်ငွေသွင်းပြီးတော့ ဝင်ရောက်လေလံဆွဲယူလို့ ရပါပြီ"ဟုပြောသည်။

ယခုနှစ်လေလံအောင်၍ လုပ်ကိုင်ခွင့်ရရှိသူများကို ယခင်နှစ်များနှင့်မတူဘဲ ထူးခြားသည့် စည်းကမ်းချက်များ ထည့်သွင်းထားကြောင်း၊အဆိုပါ စည်းကမ်းချက်များထဲမှ အချို့မှာ ယာဉ်အဝင်အထွက် မှတ်တမ်းများ၊အချက်အလက်များကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ နေ့စဉ်ပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်။

"တစ်ရက်ဘယ်လောက်ဝင်တယ်။ဘယ်နှစ်တန်ကားဝင်တယ်။အိမ်စီးကား ဘယ်နှစ်စီးဝင်တယ်ဆိုတာ ကျွန်တော်တို့စီကို အဲဒီ မှတ်တမ်းပို့ပေးရမယ်ဆိုတာ ပြီးရင်အဲဒီထဲကို စစ်တဲ့ စစ်ဆေးရေးစက် မှတ်တမ်းမှတ်တဲ့စက်လေးကလေးကို တစ်ဂိတ်မှာ ခေတ်ကာလနဲ့ဆို အမေရိကန်ဒေါ်လာ သုံးရာလောက်ပဲရှိတာပါ။မြန်မာငွေနဲ့ဆို သုံးသိန်းလောက်ပဲရှိတာပါ။အဲဒါလေးကို မဖြစ်မနေတတ်ဆင်ပေးဖို့ပါ။"ဟု ဦးကျော်ဇောအောင်ကပြောသည်။

ထိုသို့မှတ်တမ်းမှတ်သည့် စက်များတပ်ဆင်ခိုင်းခြင်း၏ ရည်ရွယ်ချက်မှာ ဝင်ငွေကို သိရှိလို၍ တပ်ဆင်ခိုင်းခြင်းမဟုတ်ဘဲ မြို့၏ လုံခြံုရေးကို ရည်ရွယ်ကာ တပ်ဆင်ခိုင်းခြင်းဖြစ်ကြောင်း ဦးကျော်ဇောအောင်ကဆိုသည်။

လေလံအောင်၍ လုပ်ကိုင်ခွင့်ရရှိသူအနေဖြင့် လမ်းများပျက်စီးက ပြုပြင်ပေးရမှာဖြစ်သလို သတ်မှတ်ကြေးများထက်ပိုမိုကောက်ခံပါကလည်း အရေးယူမှုများလုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly