ယခုနှစ် မိုးကာလတွင် ရန်ကုန် Water Taxi လာမည်

ယခုနှစ် မိုးကာလတွင် ရန်ကုန် Water Taxi လာမည်

ရန်ကုန် မတ် ၁၄ ။           ။ ရန်ကုန်မြို့တွင် အကောင်အထည်ဖော်မည့် ရေကြောင်းသွားလာရေး Water Taxi စီမံကိန်းကို ယခုနှစ် မိုးတွင်းပိုင်းတွင် စတင်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်း တင်ဒါအောင်ထားသည့် တင့်တင့်မြန်မာ ကုမ္ပဏီက မဇ္ဈိမကို ပြောသည်။

Water Taxi ကို ဇွန်လ ပထမပတ် သို့မဟုတ် မေလကုန်ပိုင်းတွင် လှိုင်သာယာမှ ဗိုလ်တထောင်သို့ စတင်ပြေးဆွဲမည်ဖြစ်သည်။

“နောက်ပိုင်းညောင်တန်းကနေ ငမိုးရိပ်ချောင်းကို ဒုတိယပိုင်းအနေနဲ့စမယ်။ ပြီးရင် သန်လျင်စတားစီးတီးကို တတိယပိုင်းအနေနဲ့စမယ်” ဟု Tint Tint Myanmar CEO ဒေါ်တင့်တင့်လွင်က ပြောသည်။

ရေယာဉ်အရွယ်အစား၊ အမြန်နှုန်းနှင့် ရပ်နားသည့်မှတ်တိုင် အရေအတွက်ပေါ်မူတည်ပြီး Water Taxi ၄ မျိုး ခွဲခြားထားကာ လက်မှတ်စျေးနှုန်းများကို ၃၀၀ ကျပ် နှင့် ၅၀၀ ကျပ် အကြမ်းဖျဉ်းသတ်မှတ်ထားသည်။

ယခုစီမံကိန်းကို အကောင်အထည်ဖေါ်ရန်အတွက် ကမ္ဘောဇဘဏ်က ငွေကြေး ထောက်ပံ့ပေးခြင်း ဖြစ်ပြီး နည်းပညာအကူအညီကို ဟန်ဂေရီနိုင်ငံမှရယူထားခြင်းဖြစ်သည်။

“ဟန်ဂေရီနိုင်ငံကနေ အိုင်တီပိုင်းဆိုင်ရာ အတွေ့အကြံုရှိတဲ့သူတွေ၊ ဘေးကင်းလုံခြံုရေးနဲ့ ပတ်သက်ပြီး စိတ်ချရတဲ့ ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နေပါတယ်။ GPS စနစ်နဲ့ ဘေးကင်းအောင် အကောင်းဆုံး ထိန်းချုပ်သွားမယ်။ နောက်ပြီး သြစတြေးလျက River Cat ဆိုတဲ့ ကုမ္ပဏီနဲ့ ချိတ်ဆက်လိုက်တယ်။ သူတို့ကို Project Manamgement ၂ နှစ်တိတိ ငှားလိုက်တယ်။ သူတို့အနေနဲ့ အချိန်တိကျဖို့၊ ခရီးသည်တွေ အန္တာရာယ်ကင်းရှင်းဖို့နဲ့ မြစ်ကြောင်းထဲမှာရှိတဲ့ အခြားရေယာဉ်တွေ အပါအဝင်ရေကြောင်းပိတ်ဆို့မှု မဖြစ်ဖို့ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်တင့်တင့်လွင်က ပြောသည်။

Water Taxi များပေါ်တွင် နံနက်စာ စားသုံးနိုင်သလို လေး / ငါးရာ ကျပ်တန် ထမင်းဘူးများကိုလည်း ရောင်းချသွားမည်ဖြစ်ကြောင်း သိရကာ အလုပ်သွားသူများ နံနက်စာစားချိန်နှင့် ထမင်းဟင်းချက်ချိန် သက်သာစေရန် ရောင်းချပေးခြင်းဖြစ်ကြောင်း ဒေါ်တင့်တင့်လွင်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly