အင်းဝအပ်ချုပ်ဆိုင်မှ အိမ်အကူ မစန်းကေခိုင်ရရှိဒဏ်ရာများမှာ အိမ်ရှင်၏ သမီးဖြစ်သူမှ အဓိကနှိပ်စက်ခဲ့ခြင်းဟု ထွက်ဆို

အင်းဝအပ်ချုပ်ဆိုင်မှ အိမ်အကူ မစန်းကေခိုင်ရရှိဒဏ်ရာများမှာ အိမ်ရှင်၏ သမီးဖြစ်သူမှ အဓိကနှိပ်စက်ခဲ့ခြင်းဟု ထွက်ဆို

ရန်ကုန်၊ မတ် ၁၄ ။            ။ အင်းဝအပ်ချုပ်ဆိုင်မှ အိမ်အကူမိန်းကလေး မစန်းကေခိုင်ရရှိသည့် ဒဏ်ရာများမှာ အိမ်ရှင်မိသားစု၏ သမီးဖြစ်သူ စုမွန်လတ်က အဓိက နှိပ်စက်ခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင်မစန်းကေခိုင်က ယနေ့ (မတ်လ ၁၄ ရက်နေ့) အနောက်ပိုင်းခရိုင်တရားရုံးတွင် လာရောက်ထွက်ဆိုခဲ့သည်။

လက် ၁၀ ချောင်း နောက်လှန်ချိုးခြင်းအပါအဝင် ကတ်ကြေးဖြင့် ထိုးခြင်း၊ မီးခြစ်အပူဖြင့် ကပ်ခြင်း၊ ဓားဖြင့်ခုတ်ခြင်း၊ ပုလင်းဖြင့် ရိုက်ခြင်း၊ တံမျက်စည်းဖြင့် ရိုက်ခြင်းများအား စုမွန်လတ်က အဓိကလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မစန်းကေခိုင်က ထွက်ဆိုအစစ်ဆေးခံခဲ့ခြင်းဖြစ်သည်။

“ ကျွန်မ ပင်ပန်းပြီး မထနိုင်တဲ့အတွက် သူတို့ ဥပုဒ်လတစ်လအတွင်းမှာ လက်ချောင်း ၁ဝ ချောင်းလုံး ကို နောက်ကို လှန်ပြီး ချိုးခဲ့တာဖြစ်ပါတယ် ” ဟု မစန်းကေခိုင်က ထွက်ဆိုခဲ့သည်။

ထိုသို့ လက်ချောင်းများ လှန်ချိုးချိန်တွင် စုမွန်လတ်၏ ခင်ပွန်းဖြစ်သူကပါ ပါ၀င်လုပ်ဆောင်ခဲ့သည်ဟု ထွက်ဆိုခဲ့ပြီး ရရှိသောဒဏ်ရာများအကြောင်း အသေးစိတ်ပြောခဲ့သည်။

မစန်းကေခိုင် ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်ဒဏ်ရာပေါင်း ၁၇၃ ခုရှိပြီး ဓာတ်မှန်အဖြေအရ ဦးခေါင်းခွံရိုး နေရာတွင် ချိုင့်ဝင်နေကာ အလယ်စပ်ကြောင်းမှာ ကျိုးနေကြောင်း၊ ဝဲဘက်လက်မောင်းရိုးကျိုး၊ လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်လက်ချောင်းများ အလယ်တွင် ကျိုး၊ လက်ယာလက်မောင်း ကျိုးနေခြင်းများ တွေ့ရှိရကြောင်း သိရသည်။

မစန်းကေခိုင်၏ လက်ခဘယ်လက်ချောင်းနှင့် လက်သန်းရှိ ဖူးရောင်ဒဏ်ရာများမှာ ဆုမွန်လတ်က ၄င်းပြောစကား မကြား၍ ပြန်မေးမိသည့်အပေါ် ဓားနှင့် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ နဖူးရှိ အမာရွတ်မှာ အလုပ်ပင်ပန်းသဖြင့် အိပ်ပျော်သွားသဖြင့်  ပုလင်းဖြင့် ရိုက်ခဲ့သည့်ဒဏ်ရာဖြစ်ကြောင်း၊ လည်ပင်းရှိ အမာရွတ်မှာ ဆုမွန်လတ်၏ ကလေးကို ထိန်းစဉ် ကလေးအား မရယ်ပြသည့်အတွက် ကတ်ကြေးဖြင့် ထိုးခဲ့သည့်ဒဏ်ရာဖြစ်ကြောင်း၊ ဝဲဘက်နဖူးစပ်ရှိဒဏ်ရာများမှာ စုမွန်လတ်ယောက္ခမအိမ်သို့ လိုက်သွားခဲ့ရာ အိမ်အကူအဖွားကြီးနှင့် စကားပြောသည့်အတွက် ထွက်ပြေးရန် ကြံစဉ် သည်ဟုဆိုကာ အင်းဝအပ်ချုပ်ဆိုင်သို့ ရောက်သည့်ချိန်တွင် ရေနွေးပူဖြင့်ပက်ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်။

လက်ပျဉ်ရှိ ဒဏ်ရာအမာရွတ် ၅ ခုမှာလည်း ကလေးအား နို့ဘူးတိုက်ရာ ကလေးက မသောက်သဖြင့် အဆိပ်ခတ်ထားသည်ဟုဆိုကာ သစ်သားကြိမ်လုံးဖြင့် ရိုက်ခဲ့ပြီး ကတ်ကြေးဖြင့် ထပ်မံထိုးခဲ့သည့် ဒဏ်ရာများဖြစ်ကြောင်း၊ ထိုသို့ နှိပ်စက်သည့်အချိန်တွင် အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင်အားလုံး ရှိနေသော်လည်း တစ်ဦးမှ ဝင်ရောက်တားမြစ်ခြင်း မရှိကြောင်း ထွက်ဆိုခဲ့သည်။

ထိုသို့ ဒဏ်ရာများရရှိခဲ့သော်လည်း အင်းဝအပ်ချုပ်ဆိုင်မိသားစုမှ ကုသပေးခြင်းမရှိဘဲ ဒဏ်ရာများမှာ အလုပ် လုပ်ရင်းဖြစ်သာ ပျောက်သွားခဲ့ကြောင်း၊ ယခုအခါ နိုင်ငံတော်မှ ကုန်ကျစရိတ်ထုတ်ပေးကာ ရန်ကုန်ဆေးရုံကြီး တွင် အဆိုပါဒဏ်ရာများကို ခွဲစိတ်ကုသလျက်ရှိကြောင်းလည်း မစန်းကေခိုင်က ဆိုသည်။

မစန်းကေခိုင်ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများနှင့် ပတ်သက်ပြီး ရန်ကုန်ကုန်ပြည်သူ့ဆေးရုံးကြီး မှုခင်းဆရာဝန် ဒေါက်တာကျော်ထွန်းအောင်က ဇန်နဝါရီ ၁ ရက်နေ့၊ နေ့လည်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ လာရောက်ထွက်ဆိုထားသည်။

အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင်အပါအဝင် လူ ၆ ဦးကို လူကုန်တားရဲတပ်ဖွဲ့မှ ဒူရဲမှူး မျိုးညွှန့်က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် လူကုန်ကူး ပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဒေါ်တင်သူဇာ၊ ဦးတင်မင်းလတ်၊ ကိုရာဇာထွန်းနှင့် မစုမွန်လတ်တို့ကို ကလေးသူငယ်ပုဒ်မ ၆၆(ဃ) ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန မှ စက်တင်ဘာ ၂၁ ရက်တွင် ကျောက်တံတားရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly