တိုက်ကြီးငလျင် ကျပ်သန်း ၁၉၀ကျော် ဆုံးရှုံးဟု ဆို

တိုက်ကြီးငလျင် ကျပ်သန်း ၁၉၀ကျော် ဆုံးရှုံးဟု ဆို

တိုက်ကြီး မတ်၁၄ ။              ။ ယမန်နေ့ညက အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် တိုက်ကြီးမြို့နယ်တွင် ခန့်မှန်းခြေ ဆုံးရှံုးမှု ကျပ် (၁၉၅.၁သန်း) ဆုံးရှံုးခဲ့သည်ဟု တိုက်ကြီးမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးမြင့်က မတ်လ ၁၄ ရက်က မဇ္ဈိမနှင့် တွေ့ဆုံစဉ် ပြောသည်။

ပြင်းအား ရစ်ချတ်တာစကေး ၅.၈ ရှိ ငလျင်ကြောင့် တိုက်ကြီးမြို့နယ်ရှိ သာသနိက အဆောက်အဦ ၉ လုံး ပျက်စီးခဲ့ပြီး လူနေအိမ် ၆ လုံး ပြိုကျခဲ့ကာ လမ်း၊ တံတားများ ပျက်စီးခဲ့သည်။

ထိုကဲ့သို့ ပျက်စီးဆုံးရှုံးမှုများရှိသော်လည်း လူအသေအပျောက်မရှိကြောင်း သိရသည်။

 “ငလျင်ဒဏ်ကြောင့် လူအသေအပျောက်မရှိဘူး။ ပွန်းပဲ့ဒဏ်ရာရတဲ့ လူနာ ၂၆ ဦးတော့ရှိတယ်။ တစ်ချို့က ရှော့ခ် ရသွားတာပါ” ဟုတိုက်ကြီးမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးမြင့်က ပြောသည်။

တိုက်ကြီးမြို့နယ်တွင် ယမန်နေ့ မတ်လ ၁၃ ရက်က စတင်ပြီး ယနေ့ မတ်လ ၁၄ ရက်နေ့ နေ့လည်အထိ ငလျင်လှုပ်ခတ်မှု ၈ ကြိမ်အထိ ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများကို မီးသတ်ဦးစီးဌာနရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် တပ်မတော်သားများက ရှင်းလင်းဖယ်ရှားနေချိန်အတွင်း အိမ်ရှင်များကို မဝင်ခိုင်းဘဲ၊ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်နေကြောင်း တိုက်ကြီးမြို့နယ် မီးသတ်စခန်းတာဝန်ခံ ဦးနိုင်ဦးက ပြောသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြိုကျပျက်စီးခဲ့သည့် နေအိမ် ၆ လုံးအတွက် ၁၂သိန်း၊  သာသနိကအဆောက်အဦး ၉ လုံးအတွက်၂၈ သိန်း နှင့် ဆေးရုံတက်ရောက် ကုသခံနေသည့် လူနာ ၆ ဦးအတွက် တစ်ဦးလျှင် ၅သောင်းကျပ် ထောက်ပံ့ပေးခဲ့သည်။

အစောပိုင်းတွင် ၂၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ယနေ့ နေ့လည်ပိုင်းတွင် ဒဏ်ရာသက်သာသူ ၂၀ဦး ဆေးရုံက ပြန်ဆင်းနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly