မန္တလေးတွင် လူငယ်သင်္ကြန် သီးသန့်ပြုလုပ်သွားမည်

မန္တလေးတွင် လူငယ်သင်္ကြန် သီးသန့်ပြုလုပ်သွားမည်

မန္တလေး၊မတ် ၁၄ ။              ။ မန္တလေးမြို့တော်သင်္ကြန်တွင် လူငယ်များအတွက်သီးသန့် လူငယ်သင်္ကြန်အဖြစ် မနော်ရမ္မံကွင်းတွင် ကျင်းပပြုလုပ်ပေးသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် ဦးကျော်ရင်မြင့်က မဇ္ဈိမကို ပြောသည်။

လူငယ်သင်္ကြန်ပြုလုပ်ရန်အတွက် မဏ္ဍပ်တည်ဆောက်ရန် နိုင်ငံတကာ အဆင့်ရှိသည့် ကုမ္မဏီများက ကမ်းလမ်းမှုများပြုလုပ်ထားသည်ဟု ဦးကျော်ရင်မြင့်က ဆိုသည်။

"မြန်မာနိုင်ငံမှာ စီးပွားရေးလာလုပ်နေတဲ့ ကုမ္ပဏီကြီးတွေက သူတို့က ကမ်းလှမ်းတယ်။ သင်္ကြန်မဏ္ဍပ် လုပ်ချင်တယ် ။ သူတို့ကုန်ကျစရိတ်နဲ့သူတို့။ လူငယ် ရေပက်မဏ္ဍပ်တွေ၊ လူငယ်တွေကြိုက်တဲ့ တီးဝိုင်းတွေ၊ လူငယ်တွေကြိုက်တဲ့ အဆိုတော်တွေနဲ့ ရေသဘင်ပွဲ လုပ်ချင်တယ်ဆိုတာ အဲဒါလည်း စဉ်းစားနေပါတယ်။ ခွင့်ပြုမှာပါ"ဟု ဦးကျော်ရင်မြင့်က ပြောသည်။

ထိုသို့ လူငယ်သင်္ကြန်အတွက် ပြုလုပ်ရန် ကမ်းလှမ်းထားသည့် ကုမ္ပဏီများထဲမှ သင့်တော်မည့် ကုမ္ပဏီတစ်ခုကို ရွေးချယ်၍ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ်ကျင်းပမည့် မန္တလေးမြို့တော်သင်္ကြန်တွင် လူငယ်များပျော်ရွှင်ရန်အတွက် နေရာပူစရာ မလိုသလို မစည်းကားမှာလည်း ပူစရာမလိုကြောင်း ဦးကျော်ရင်မြင့်ကဆိုသည်။

ဆက်လက်၍ ဦးကျော်ရင်မြင့်က "ကျွန်တော်တို့ တစ်ခုပဲ ရှိတယ်။ အသွင်တစ်ခု ကူးပြောင်းလိုက်တာကြောင့် ချက်ခြင်းအသားမကျတဲ့ ပြဿနာတော့ ဖြစ်နိုင်ပါတယ်"ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly