UNFC ညီလာခံ ရက်အကန့်အသတ်မရှိ ထပ်မံ ရွှေ့ဆိုင်း

UNFC ညီလာခံ ရက်အကန့်အသတ်မရှိ ထပ်မံ ရွှေ့ဆိုင်း

ချင်းမိုင်(မဇ္စျိမ)၊မတ်လ ၁၄ ။             ။ လက်ရှိ မြန်မာနိုင်ငံရေး၊ စစ်ရေး အခြေအနေအရ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဒုတိယအကြိမ် ညီလာခံကို ရက်အကန့်အသတ်မရှိ ထပ်မံ ရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။

မူလက ယခုမတ်လ ၂၃ ရက်နေ့တွင် စတင်ကျင်းပရန် ပြင်ဆင်ရန် မတ်လ ၁၂ ရက်မှ ၁၄ ရက်နေ့ထိ သုံးရက်ကြာ UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပြီးနောက် လာမည့် ဇွန်လအထိ ရက်အကန့်သတ်မရှိ ထပ်မံ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

သုံးရက်ကြာ ကျင်းပသော ထိုအစည်းအဝေးတွင် UNFC ၏ ဖွဲ့စည်းပုံကို သုံးသပ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်း၊ ညီလာခံကျင်းပနိုင်ရေး အစီရင်ခံစာများ သုံးသပ်ခြင်းနှင့် လက်ရှိ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးသုံးသပ်ခဲ့ပြီးနောက် ညီလာခံကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု UNFC ၏ ဒုဥက္ကဋ္ဌ နိုင်ဟံသာက သတင်းထောက်များကို ပြောသည်။

 “ကျွန်တော်တို့ ကနေ့ဖြစ်ရှိနေတဲ့ အနေအထားအရ ထပ်ရွှေ့လိုက်တယ်။ ရွှေ့လိုက်တာကတော့ အခြေအနေတွေ ကျော်လွန်ပြီးတော့မှ အချိန်နည်းနည်းထပ်ယူလိုက်တယ်။ မေလမှာတောင် ကျော်ရင် ကျော်နိုင်တယ်။ အခြေအနေက မြောက်ပိုင်းမှာလည်း ဒီလို၊ ပန်ခမ်းမှာလည်း အစည်းဝေးလုပ်ခဲ့တဲ့ သဘောထားအခြေအနေနဲ့ ဒီမှာကလည်း ကျွန်တော်တို့ သွားညှိနှိုင်းနေတဲ့ အနေအထားအရ အခြေအနေက နှစ်မျိုးဖြစ်နေတာပေါ့။ အဲဒီလို အနေအထားမျိုးမှာ ဒီအခက်အခဲကို ရင်ဆိုင် ဖြတ်ကျော်နိုင်ဖို့အတွက် နည်းလမ်းရှာရမဲ့ အနေအထားမျိုးဖြစ်တယ်။ ဒါကြောင့် ထပ်ရွှေ့လိုက်တာ”ဟု နိုင်ဟံသာက ပြောသည်။

 “အမှန်က ညီလာခံကို ၂၃ ရက်နေ့ စတင်ကျင်းပနိုင်ဖို့ အစီရင်ခံစာကို အတည်ပြုလိုက်တယ်။ ဗဟိုအလုပ် အမှုဆောင်အဆင့်ပေါ့နော်။ နောက် ဖွဲ့စည်းပုံကိုလည်း ပြန်သုံးသပ်ပြီးတော့မှတချို့ကို ပြင်ဆင်ဖြည့်စွက်တယ်။ အဲဒါကို အတည်ပြုတယ်။ ဘယ်အဖွဲ့ကို ဖိတ်မယ်။ ဘယ်လို ပုံစံနဲ့ လုပ်မယ်ဆိုတာ ညှိကြတယ်။ ညှိလို့ရတယ်။ ဒါပေမဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး အခြေအနေကြောင့်ပေါ့ဗျာ။ ညီလာခံကို သတ်မှတ်တဲ့ရက်အတွင်းမှာ မလုပ်ဆောင်သင့်သေးဘူး။ နိုင်ငံရေးပြဿနာက တော်တော်လေးကို အခက်အခဲရှိနေတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က ဒီအခက်အခဲကို အေးအေးဆေးဆေးနဲ့ ဖြတ်ကျော်နိုင်ဖို့အတွက် နည်းလမ်းရှာတဲ့အနေနဲ့ ရွှေ့လိုက်တာ ဖြစ်တယ်”ဟု သူက ပြောသည်။

လက်ရှိတွင် မကြာသေးမီက ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဌာနချုပ် ပန်ခမ်းတွင် ကျင်းပခဲ့သော အစည်းအဝေးနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အတိုင်း မသွားသည့်အဖွဲ့နှင့် UNFC မှ DPN ကလည်း NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် အချက် ၉ ချက်ကို ညှိနှိုင်းဆွေးနွေးနေခြင်း စသည့် အခြေအနေ နှစ်ခုကို ဖြေရှင်းနိုင်ရမည့် အခက်အခဲများကြောင့် ညီလာခံ ကျင်းပရန် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“အခက်အခဲဆိုတာက ပန်ခမ်းမှာက သူတို့က အန်စီအေလိုင်းကို မသွားတော့ဘူး။ ဒီဖက်ကလည်း အန်စီအေလိုင်းကို ညှိနေတာ တော်တော်လေးတိုးတက်လာပြီပေါ့နော်။ အဲဒီလို အမြင်မတူတဲ့ အမြင်နှစ်ခုကြားမှာ ကျွန်တော်တို့က မကိုင်တွယ်တတ်ရင် ကျွန်တော်တို့ထဲမှာ အမြင်တွေ ကွဲနိုင်တယ်။ နောက်စစ်ရေးကလည်း တိုးလာနိုင်တယ်ဆိုတဲ့ အနေအထားမျိုးကို ကျွန်တော်တို့မြင်တယ်။ ဒါကြောင့် အချိန်ယူလိုက်တာ ဖြစ်တယ်”ဟု သူက ပြောသည်။

DPN ဘက်မှ တင်ပြသော အချက် ၉ ချက်အပေါ် အစိုးရနှင့် မူအားဖြင့် သဘောတူညီမှုများ ရရှိထားသော်လည်း ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့(MNDAA)တို့အကြား မတ်လ ၆ ရက်နေ့မှစတင်၍ တိုက်ပွဲများ ပြင်းပြင်းထန်ထန်း ဖြစ်ပွားခဲ့ပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရပြီ ဖြစ်သည်။

၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယအကြိမ် အစည်းအဝေးကိုလည်း လာမည့်မေလအတွင် ကျင်းပရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က မတ်လ ၁၁ရက်က နေပြည်တော်တွင်ကျင်းပသော အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags