မြောက်ကိုရီးယား ဆန့်ကျင်ရေး စာရွက်ငယ်များ ကြဲဖြန့်မည့် တက်ကြွလှုပ်ရှားသူများကို တောင်ကိုရီးယား ရဲတပ်ဖွဲ့ ပိတ်ဆို့တားမြစ်

မြောက်ကိုရီးယား ဆန့်ကျင်ရေး စာရွက်ငယ်များ ကြဲဖြန့်မည့် တက်ကြွလှုပ်ရှားသူများကို တောင်ကိုရီးယား ရဲတပ်ဖွဲ့ ပိတ်ဆို့တားမြစ်
တက်ကြွလှုပ်ရှားသူများကို တားဆီးရန် တောင်ကိ်ုရီးယားများအသင့်ပြင်နေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ကြောက်မက်ဖွယ် အကျိုးဆက်များ ခံစားရလိမ့်မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်မှု အသစ်များ ထုတ်ပြန်လိုက်ပြီနောက် အခိုင်အမာပြုထားသော နယ်စပ်တစ်လျှောက် မြောက်ကိုရီးယား ဆန့်ကျင်သော စာရွက်ငယ်များ ကြဲချမည့် တက်ကြွလှုပ်ရှားသူများကို တောင်ကိုရီးယားရဲတပ်ဖွဲ့က ဇူလိုင် ၂၇ ရက်က ပိတ်ဆို့တားမြစ်ခဲ့သည်။

လှုပ်ရှားတက်ကြွသူ ဒါဇင်များစွာသည် မြောက်ကိုရီးယား၏ အာဏာရ ကင်မိသားစုကို ဝေဖန် ထားသည့် စာရွက်စာတမ်း ၃၀,၀၀၀ ကို သယ်ဆောင်မည့် ဟေလီယမ် ဓာတ်ငွေ့ဖြည့် မိုးပျံပူပေါင်း များကို လွှတ်တင်ရန် စီစဉ်ခဲ့ကြသည်။ သို့သော်လည်း တောင်ကိုရီးယား ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာ သည် နယ်စပ်အနီး လွှတ်တင်မည့်နေရာကို ပိတ်ဆို့လိုက်ပြီး စီစဉ်သူများ၏ လုပ်ဆောင်မည့် အစီအစဉ်ကို ဖျက်သိမ်းစေခဲ့သည်။

“ဒါဟာ အန္တရာယ်ကြီးတယ်လို့ သူတို့က ပြောတယ်။ ဒီလိုမျိုး စောဒကကို ကျွန်တော်တို့ လက်မခံပါဘူး။ ဒါပေမဲ့ သူတို့နဲ့ ကိုယ်ထိလက်ရောက် ပဋိပက္ခ မဖြစ်ချင်ပါဘူး” ဟု အဓိက စီစဉ်သူ ချွိုင်ဝူဝန် ကအေအက်ဖ်ပီကို ပြောသည်။

တက်ကြွလှုပ်ရှားသူများသည် ယခုသီတင်းပတ်နောက်ပိုင်းတွင် အမည်မဖော်သော နေရာမှ နောက်တစ်ကြိမ် ကြိုးစားမည်ဟု ချွိုင်က ပြောကြားသည်။ ဆိုးလ်ရှိ မြောက်ကိုရီးယားဘက်ပြောင်း သူများ အပါအဝင် ရှေးရိုးစွဲ တက်ကြွလှုပ်ရှားသူများသည် နယ်စပ်တစ်လျှောက် ယင်းကဲ့သို့ စာရွက် များ ကြဲနေသည်မှာ နှစ်များစွာ ကြာမြင့်နေပြီဖြစ်သည်။ မြောက်ကိုရီးယားကလည်း ယင်းသို့ စာရွက် များကြဲမှုကို ရှုတ်ချပြီး လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ခဲ့သည်မှာလည်း ကြာမြင့်နေပြီဖြစ်သည်။ လွန်ခဲ့သည့်နှစ်က မြောက်ကိုရီးယား နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက မိုးပျံပူပေါင်းများကို ပစ်ချရန် ကြိုးပမ်းခဲ့ရာ နယ်စပ် တစ်လျှောက် အပြန်အလှန် ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့သည်။

စာရွက်များ ကြဲဖြန့်ခြင်းသည် အလွန်အန္တရာယ်ကြီးမားပြီး စာရွက်များ ကိုယ်တိုင်က ပဋိပက္ခဖြစ်ရန် အနည်းငယ်ထိရုံနှင့် ပေါက်ကွဲစေသည့် အရာများဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် ရိုဒေါင် သတင်းစာက လွန်ခဲ့သည့်သီတင်းပတ်က ဖော်ပြသည်။

ယင်းကဲ့သို့ စာရွက်များ လွှတ်တင်ကြဲချမှုကို ပိတ်ပင်ရန် မြောက်ကိုရီးယားက တောင်ကိုရီးယား ကို တောင်းဆိုထားသည်။ သို့သော်လည်း တောင်ကိုရီးယားက ငြင်းဆိုထားပြီး လှုပ်ရှားတက်ကြွသူများ တွင် ၎င်းတို့၏ ယူဆချက်များကို ဖြန့်ဝေနိုင်သည့် ဒီမိုကရက်တစ် အခွင့်အရေး ရှိသည်ဟု စောဒက တက်ခဲ့သည်။ သို့သော်လည်း မြောက်ကိုရီးယား၏ လက်တုံ့ပြန်မှုက ဒေသခံများ၏ အသက်အန္တရာယ် ကို စိုးရိမ်ရသဖြင့် မြေပြင်ရှိ လွှတ်တင်မှုများကို တောင်ကိုရီးယား ရဲတပ်ဖွဲ့က တားမြစ်ခဲ့သည်ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly