“ဗိုလ်ချုပ်အောင်ဆန်း တံတား” ဟု အမည်ပေးရန် ကြံ့ခိုင်ရေးပါတီ ကန့်ကွက်၊ တပ်မတော် ကြားနေ

“ဗိုလ်ချုပ်အောင်ဆန်း တံတား” ဟု အမည်ပေးရန် ကြံ့ခိုင်ရေးပါတီ ကန့်ကွက်၊ တပ်မတော် ကြားနေ
မတ်လ ၁၄ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမအတွင်းသို့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ဝင်ရောက်လာစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ) 
 

နေပြည်တော်(မတ်လ ၁၄ရက်၊ ၂၀၁၇ခုနှစ်)။ ။ မွန်ပြည်နယ်ရှိ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ် ဆက်သွယ်ထားသော သံလွင်မြစ်ပေါ်ရှိ တံတားအား “ဗိုလ်ချုပ်အောင်ဆန်း တံတား” ဟု အမည်သတ်မှတ်ရန် မတ်လ ၁၄ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်သည်။

ကန့်ကွက်မှုရှိသည့်အတွက် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မဲရလဒ်မှာ ထောက်ခံ ၂၁၇မဲ၊ ကန့်ကွက် ၄၃မဲနှင့် ကြားနေ ၁၁၆မဲ ဖြစ်၍ ထောက်ခံမဲ များသည့်အတွက် တံတားအမည်အား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် အတည်ပြုလိုက်ခြင်း ဖြစ်သည်။ အဆိုအား ထောက်ခံ၊ ကန့်ကွက်ခြင်းမရှိဘဲ ကြားနေခဲ့သည်ဟု တပ်မတော်သားလွှတ်တော်အမတ်တစ်ဦးက ပြောသည်။

ပေ ၅၀၀၀ကျော် ရှည်လျားသည့် အဆိုပါ တံတားအား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်သတ်မှတ်ပေးရန် ပေါင်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် မိကွန်ချမ်းက ဖေဖော်ဝါရီ လကုန်ပိုင်းတွင် လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းအဆိုအား လွှတ်တော်အမတ် ၁၆ဦးက ဆွေးနွေးခဲ့သည်။

ဆွေးနွေးမှုများတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ အမတ်များက ထောက်ခံဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ(USDP)အမတ်က အဆိုအပေါ် ကန့်ကွက်ခဲ့သည်။

ဆွေးနွေးသူများအနက် တပ်မတော်သားအမတ် ဗိုလ်မှူး ဇော်ဇော်မိုးက “တံတားအမည်တစ်ခု သတ်မှတ်ပေးရေးကိစ္စဟာ ပြည်သူ့လွှတ်တော်အထိ တင်ပြဆောင်ရွက်ရမယ့် ကိစ္စ မဟုတ်ဘူး” ဟု ဆိုပြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခြင်းထက် ဒေသခံများ၏ ဆန္ဒနှင့်အသံကိုသာ အလေးထားသင့်သည်ဟု ဆွေးနွေးခဲ့သည်။

အဆိုပါ တံတားအား ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပေးပြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ ဖေဖော်ဝါရီ ၁၃ရက်တွင် ဖွင့်လှစ်ရန် အစိုးရက ကနဦး စီစဉ်ခဲ့ခြင်းဖြစ်ကာ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ရွှေ့ဆိုင်းထားရပြီး လာမည့် ဧပြီလ ၉ရက်မှ ဖွင့်လှစ်ရန် လျာထားသည်။

ဗိုလ်ချုပ်အောင်ဆန်းကို လေးစားမှုမရှိခြင်းကြောင့် မဟုတ်ဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားများ၏ သဘောထားကို အသိအမှတ်ပြုရန် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဆန္ဒပြသူတချို့က ပြောဆိုထားသည်။

USDP မှ မင်းကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးမောင်မြင့်ကမူ အဆိုပါ တံတားသည် သာမန်တံတားတစ်စင်းမျှသာ ဖြစ်သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ အမည်နာမ သတ်မှတ်ရန်မသင့်ဟု ကန့်ကွက်ခဲ့သည်။

“သာမန်တံတားလေးကို ဗိုလ်ချုပ်အောင်ဆန်းနာမည်ပေးတာဟာ ဗိုလ်ချုပ်ကို နှစ်ခါသတ်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်” ဟု စက်မှုဝန်ကြီးဟောင်းဖြစ်သူ ဦးမောင်မြင့်က လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

လွှတ်တော်၏ မဲခွဲဆုံးဖြတ်မှုအပေါ်ကိုလည်း “မိမိတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ အာဏာဆန်နေပြီလားဆိုတာ စဉ်းစားကြ” ဟု ဦးမောင်မြင့်က ဝေဖန်သည်။

အဆိုနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က အဆိုအား အတည်ပြုသင့်သည်ဟု လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့သည်။ ယင်းနောက် မဲခွဲဆုံးဖြတ်မှုဖြင့် အဆို အတည်ဖြစ်ခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly