မတ်လမှာ အဂိုးတွန်ပါစေ၊ အတိတ်မေ့သူ ရင်ပူပါစေ

မတ်လမှာ အဂိုးတွန်ပါစေ၊ အတိတ်မေ့သူ ရင်ပူပါစေ

မတ်လရောက်ပြန်ပေါ့၊ မတ်လဆိုတာ နွေဦးရာသီပါပဲ။ ဒါပေမဲ့ မောင်မှန်တို့ဆီမှာတော့ နိုင်ငံရေး နွေဦးရာသီဟာ ရောက်မလာနိုင်သေးဘူး၊ မတ်လမှာ နွေဦးကြို မုန်တိုင်းတွေပဲ အများကြီး ဖြစ်ခဲ့ပါတယ်။ မှိုင်းရာပြည့်၊ ကိုဘုန်းမော်အရေးတော်၊ ၁၀း ၁၀း ၁၀း လက်ပံတန်း စသဖြင့် မုန်တိုင်းတွေ ထန်ခဲ့ဖူးပါတယ်။ ဖက်ဆစ်တွေကို တော်လှန်မောင်းထုတ်ခဲ့တာလည်း မတ်လပဲ။ ပြည်သူ့ဒီမိုကရေစီ   တော်လှန်ရေး စတင်ခဲ့တာလည်း မတ်လပဲ။ အဲ, ဘာအောင်ပွဲမှမရဘဲ စစ်အာဏာ အသိမ်းခံလိုက်ရတာလည်း မတ်လပါပဲခင်ဗျာ။

သူရဲကောင်းတွေများတဲ့ တိုင်းပြည်ဆိုတာ သိပ်မအောင်မြင်တဲ့ တိုင်းပြည်ဆိုလား၊ ဘာလား မောင်မှန်ကြားဖူးတယ်။ (အတိအကျတော့ မဟုတ်ဘူးနော်, မှတ်မိသလို ပြန်ရေးတာ) ဟုတ်တာပဲ၊ ကိုယ်ကျိုးစွန့် အနစ်နာခံရသူတွေ များနေမှတော့ မအောင်မြင်မှုတွေ များနေလို့ပေါ့။ အဲသလို တိုင်ပြည်တွေအထဲမှာ မောင်မှန်တို့ ဗမာပြည်ဟာလည်း Top Ten စာရင်းဝင်ပါတယ်။ သူရဲကောင်းတွေသာ ပေါတာ များတာနော်၊ အသိအမှတ်ပြုဖို့ရာမှာတော့ မပေါမများဘူး။

ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်က ၁၉၈၈ အရေးတော်ပုံမှာ ကျဆုံးခဲ့သူတွေကို ဂုဏ်ပြုဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးမြန်းဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ပါတီတွင်း စီစစ်ရေးအဖွဲ့က ခွင့်မပြုခဲ့ပါဘူးတဲ့။ ဘယ်မူဝါဒနဲ့ ခွင့်မပြုသလဲ ဆိုတာကို မသိရှိတဲ့အကြောင်း  ဦးရဲထွဋ်က Daily Eleven သတင်းစာကို ပြောကြားခဲ့ပါတယ်။

မောင်မှန်အံ့သြပြီး (Shock) ရှော့ခ် ရသွားတယ်။ ဟုတ်မှဟုတ်ရဲ့လား၊ သေမှသေချာရဲ့လားဆိုပြီး သတင်းစာကို နှစ်ခါပြန်ဖတ်ရတယ်။ ဟုတ်ပါတယ်၊ သေချာပါတယ်။ မောင်မှန် မျက်စိမမှားပါဘူး။ ဦးရဲထွဋ်က မှားတာနေမှာပါ။ အဲဒီမေးခွန်း မေးမိတဲ့ သူကမှားတာပါ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဆိုတာ ၁၉၈၈ အရေးတော်ပုံကြီးကနေ ပေါက်ဖွားရှင်သန် လာခဲ့တာတာပါ။ အရေးတော်ပုံကြီး ဖြိုခွဲခံရပြီးတဲ့နောက် ပြန့်ကျဲနေတဲ့ ဒီမိုကရေစီ အင်အားစုတွေကို အရေးတော်ပုံ ခေါင်းဆောင်တွေက NLD မှာ စုစည်းစေခဲ့ကြတာပါ။ သမိုင်းသဘောအရ ပြောရရင် ဘာမှမကြာသေးပါဘူး။ နှစ် ၃၀ လောက်ပဲ ရှိပါသေးတယ်။ ၈၈ အရေးတော်ပုံကို သိမီလိုက်သူတွေလည်း အပုံအပင် ရှိနေပါသေးတယ်။

၁၉၈၈ အရေးတော်ပုံကြီးမှာ ကျဆုံးခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ (သူရဲကောင်းတွေ) ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ စာရင်းမပြုစုနိုင်သေးပေမဲ့   သေချာတာကတော့   ထောင်ဂဏန်းလောက် ရှိပါတယ်။ ၁၉၈၈ အရေးတော်ပုံရဲ့ အဦးအစမှာ ကျဆုံးခဲ့ရတဲ့ RIT ကျောင်းသားကိုဖုန်းမော်တို့ ကိုစိုးနိုင်တို့ဟာ ထင်ရှားပါတယ်။ ရှစ်လေးလုံးကာလမှာကျတော့ အလယ်တန်းကျောင်းသူလေး မဝင်းမော်ဦးဟာ ထင်ရှားပါတယ်။ သေခဲ့ကြတာ တကယ်သေခဲ့ကြတာပါ။ နောက်ပြောင်ခဲ့ကြတာ မဟုတ်ပါဘူး၊ အပျော်တမ်းကစားခဲ့ကြတာ မဟုတ်ပါဘူး။ ယုံကြည်ချက် ခံယူချက်အပြည့်နဲ့ ဒီမိုကရေစီ တောင်းဆိုရင်း အသေခံခဲ့ကြတာပါ။ သူသေတာ ငါပေါင်ကျိုးတာလောက် မနာပါဘူးတော့ မလုပ်ကြပါနဲ့၊ သေတယ်ဆိုတာ ဘာမှထပ်စွန့်လွှတ်စရာ မကျန်အောင်ကို စွန့်လွှတ်သွားခဲ့ကြတာပါ။ ဒါကိုဘာကြောင့်မို့ အသိအမှတ် မပြုနိုင်ရသလဲ၊ ဂုဏ်မပြုနိုင်ရသလဲ၊ မေးခွန်းတောင် ဘာကြောင့် အထုတ်မခံရဲရသလဲ၊ ဘာပြဿနာများ ရှိနေသလဲ၊ လဲပေါင်းများစွာဟာ မောင်မှန်ခေါင်းထဲ လျှံတက်လာပါတယ်။

တကယ်တော့ ၁၉၈၈အရေးတော်ပုံဆိုတာ ကြားဖြတ်အရေးတော်ပုံ တစ်ခုပါ၊ ရှေ့က အရေးတော်ပုံပေါင်းများစွာ၊ လှုပ်ရှားမှုပေါင်းများစွာ ရှိခဲ့ပါတယ်။ ၁၉၆၂လောက်ကပဲ အကြမ်းဖျဉ်း ကြည့်ကြရအောင်ပါ။ ၁၉၆၂၊ ဇူလိုင် ရရက် အရေးတော်ပုံမှာ တ.က.သ အဆောက်အဦ ဒိုင်းနမိုင်းနဲ့ ဖြိုခွဲခံရပြီး ကျောင်းသားအများအပြား ကျဆုံးခဲ့ရပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ စျေးဦးပေါက် လူသတ်ပွဲပါ။ အဲဒီမှာ ကျဆုံးခဲ့သူတွေကိုရော ဘယ်လိုသဘောထားမှာပါလဲ။ အဲဒီနောက် ပွဲစဉ်တွေကတော့ တောက်လျှောက်ပါပဲ၊ ၁၉၆၉၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆…………… အစရှိသဖြင့်ပေါ့၊ အဲဒီတွေများလည်း ကျဆုံးခဲ့သူတွေ အများအပြား ရှိနေတယ်။ ဒါတွေပြီးမှ ၁၉၈၈ ဆိုတာဖြစ်လာတာ၊ တစ်ပွဲနဲ့တစ်ပွဲက ဆက်စပ်နေတာ၊ တိုက်ပွဲစဉ်တစ်လျှောက်လုံး ဒီမိုကရေစီကိုပဲ တောင်းဆိုခဲ့ကြတာ၊ ကြွေးကြော်သံ မပြောင်းဘူး။

၁၉၈၈ အရေးတော်ပုံပြိုကွဲအပြီး NLD ပေါ်ပေါက်အပြီးမှာရော ဒီမိုကရေစီက တန်းကနဲံ၊ ဒိုင်းကနဲ့ ရခဲ့တာလား၊ မဟုတ်ခဲ့ပါဘူး။ ၈၈အပြီး ၁၉၉၆၊ ၁၉၉၉၊ ၂၀၀၇ ရွှေဝါရောင် စတဲ့ လှုပ်ရှားမှုတွေ အများကြီး ဖြစ်ခဲ့ပါသေးတယ်။ အဲဒီတွေမှာလည်း ကျဆုံးသူတွေ ရှိခဲ့တာပါပဲ။ သူတို့တတွေဟာလည်း ဒီမိုကရေစီရေးအတွက် အသက်ပေးသွားတာပါပဲ၊ သူတို့ကိုရော ဂုဏ်ပြုသင့်သလား။

မောင်မှန်မပြောဘဲ ချန်ထားတာရှိတယ်၊ အခုပြောပါ့မယ်။ ဒီမိုကရေစီတိုက်ပွဲစဉ် တလျှောက်လုံးမှာ ကျဆုံးခဲ့သူတွေ ရှိသလို ထောင်ချခံခဲ့ရသူတွေလည်း အများကြီး (ထောင်သောင်းချီ) ရှိပါတယ်။ တစ်ခါ ထောက်လှန်ရေးစခန်းတွေ၊ ထောင်ထဲမှာထပ်ပြီး အသက်ပေးသွားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း အများကြီးပါ၊ ထင်ရှားသူတွေထဲကဆို NLD ဦးမောင်ကို၊ ဗကပ ဦးမောင်လေး၊ ပီသုံးလုံး ဦးခင်မောင်မြင့်၊ စာရေးဆရာ NLD မောင်သော်က အစရှိသဖြင့် မနည်းမနောပါခင်ဗျာ။ သူတို့ဟာလည်း ဒီမိုကရေစီရေးအတွက် အသက်ပေးသွားခဲ့ကြတာပါ၊ နိုင်ငံရေးအကျဉ်းသားလို့သာ   မောင်မှန်သုံးနှုန်း လိုက်မိတာ၊ အခုကျင်းပခဲ့တဲ့ လွှတ်တော်မှ နိုင်ငံရေးအကျဉ်းသား ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ပေးဖို့ အစီအစဉ် မရှိကြောင်းနဲ့ ဒါဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောထားဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အဖြေပေးခဲ့ပါပြီ။

ဒီမိုကရေစီရေးအတွက် ဆိုတာရဲ့နောက် အဓိပ္ပါယ်တစ်ခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒီကနေ့ရောက်ရှိနေတဲ့ နေရာကို အမြန်ရောက်ရှိရေးပါပဲ၊ တစ်နည်းအားဖြင့် NLD အာဏာရရှိရေးအတွက် အသက်ပေးထောင်ကျခံခဲ့ရတာပါ။ မောင်မှန် စာရေးသူတစ်ယောက်အနေနဲ့ ပြောလိုက်ချင်တာကတော့ ဒီနေ့ရောက်နေတဲ့ နေရာဟာ ကျဆုံးသူတွေရဲ့ အရိုးကို လှေခါးလုပ်ပြီး တက်ခဲ့ရတဲ့ နေရာဆိုတာပဲ။

မောင်မှန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags