NLD ခေါင်းဆောင်များကြား ၆၆ (ဃ) အပေါ် အမြင်မတူ

NLD ခေါင်းဆောင်များကြား ၆၆ (ဃ) အပေါ် အမြင်မတူ

ရန်ကုန် (Myanmar Now) ။         ။ အငြင်းပွားဖွယ် ၂ဝ၁၄ ခုနှစ် ဆက်သွယ်ရေးဥပဒေရဲ့ ပုဒ်မ ၆၆ (ဃ)ကို အသုံးပြု၊ တရားစွဲတဲ့ အမှုတွေ များပြားလာချိန်မှာ ဒီဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သူတချို့ကြားမှာတော့ အမြင်သဘောထား အနည်းငယ် ကွဲပြားနေပါတယ်။

အင်တာနက်မှာရေးသားချက်ကြောင့် နစ်နာရင်   ငွေဒဏ်ကနေ ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ဖို့ ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဒီပုဒ်မနဲ့ တရားစွဲခံရရင် အာမခံ လွယ်လွယ်ကူကူ မရနိုင်ပါဘူး။ ဒီလို ရေးဆွဲထားတာကြောင့် တက်ကြွလှုပ်ရှားသူတွေ အကြားမှာ  ဝေဖန်သံတွေ ညံနေတာ ကာလ အတန်ကြာပါပြီ။

ရာဇသတ်ကြီးအရ အသရေဖျက်မှုဥပဒေပုဒ်မ ရှိပြီးသားအနေအထားမှာ ဒီဥပဒေပုဒ်မကို ထပ်မံ ထည့်သွင်းထားတာကြောင့် လက်ရှိအစိုးရ လက်ထက်မှာ   ၆၆ (ဃ) ကို ပြင်ဆင်မယ် သို့မ ဟုတ် လုံးဝ ပယ်ဖျက်မယ်လို့ မျှော်လင့်ချက်တွေ မြင့်မားနေကြပါတယ်။

ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ၆၆ (ဃ) ကို လုံးဝ ဖျက်သိမ်းသင့် တယ်၊ နဂိုရာဇသတ်ကြီး ဥပဒေပုဒ်မတွေထဲမှာ ပါပြီးသားတွေကို ပေါင်းစပ်ကာ အာမခံပေးလို့ မရအောင် အထူးဥပဒေအဖြစ် ပြဋ္ဌာန်းထားတယ်၊ တရားရေးအနေနဲ့ ယခုလို နဂိုရှိပြီးသားဥပဒေတွေကို ထပ်တိုးထည့်တာမျိုးကို မူအားဖြင့် မလုပ်ကြဘူးလို့  ပြောပါတယ်။          

လက်ရှိအချိန် လွှတ်တော်အတွင်း ဆောင်ရွက်ချက်တွေကို မသိသေးကြောင်း၊ အဆိုပါပုဒ််မနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြင်ဆင် သို့မဟုတ် ပယ်ဖျက်ရေးကို တာဝန်တစ် ရပ်အနေနဲ့ လုပ်ဆောင်ရမှာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

“ဥပဒေတစ်ရပ်ရှိပြီးသားကို အထူးဆိုတဲ့ပုံစံမျိုးလုပ်တာဟာ မလုပ်သင့်တဲ့ကိစ္စ။ မြန်မာနိုင်ငံရဲ့ ဥပဒေသမိုင်းတလျှောက်မှာ အဲ့ဒီလို လုပ်ခဲ့လို့ပဲ နိုင်ငံသားတွေ အများကြီး ခံခဲ့ကြရတယ်။ မူလဥပဒေ အရ အရေးယူတာမျိုးကိုပဲ သဘောကျပါတယ်။ အထူးဥပဒေသဘောမျိုးလုပ်တာကို လက်မခံချင်ပါ ဘူး” လို့ ရှေ့နေတစ်ယောက်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်ပြီး  ဒီနှစ်ပိုင်း ပါတီတွင်း သြဇာ ပိုမိုညောင်းလာ တယ်လို့ အများက သုံးသပ်ကြတဲ့ ဦးဝင်းထိန်ကတော့ ဒီပုဒ်မသာ မရှိရင် ဆက်သွယ်ရေးကွန်ရက်မှာ ရေးချင်သလို ရေးသားနေတာတွေ ပိုဆိုးသွားမယ်လို့ Myanmar Now ကို ပြောပါတယ်။ ဥပဒေ ပြင်ဆင်ဖို့ကိုသာ လွှတ်တော်အတွင်းမှာ ကြိုးစားနေလျက်ရှိပြီး အဆိုပါပုုဒ်မအရ အာမခံပေးတဲ့ကိစ္စကို တပြေးညီဖြစ်စေရေး၊ နည်းဥပဒေ ပေါ်ထွက်လာအောင် သက်ဆိုင်ရာဝန်ကြီးဌာနကို တိုက်တွန်းရေး တို့ကို လုပ်ဆောင်နေတယ် လို့ ဦးဝင်းထိန်က ဆိုပါတယ်။

“အာမခံကိစ္စကတော့ တစ်ပြေးညီဖြစ်ဖို့က လက်ခံတယ်။ ကြိုးစားနေတယ်။ အားလုံးကို ညွှန်ကြားထားတာက ဥပဒေတစ်ရပ် ထွက်လာပြီဆိုရင် ရက်ပေါင်း ၉ဝ အတွင်းမှာ နည်းဥပဒေကို သက်ဆိုင်ရာဝန်ကြီးဌာနက ပြီးအောင် ရေးရမယ်။ အခုက စ တောင် မစသေးဘူးလားမသိဘူး။ ဥပဒေကတော့ ရှိရမယ်။ အာမခံ ပေး မပေးက တပြေးညီဖြစ်ရမယ်။ တရားသူကြီးရှေ့မှာ သက်သေ အထောက်အထားနဲ့ ငြင်းခုံတာတွေ မျှမျှတတဖြစ်အောင်တော့ ကြိုးစားနေတယ်” လို့ ဦးဝင်းထိန်က ဆိုပါတယ်။

ဥပဒေပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း ဒီပုဒ်မနဲ့ ရုံးတင် တရားစွဲဆိုတဲ့ အမှုပေါင်း ၅၂ မှု ရှိသွားပြီ လို့  ၆၆(ဃ) ကို ပြင်ဆင်ဖို့ လှုပ်ရှားနေတဲ့ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့ရဲ့ စာရင်း တွေက ဆိုပါတယ်။  အဲဒီ ၅၂ မှုထဲမှာ တိုင်ကြားသူရှိပြီး တရားခံ မဖော်ထုတ်နိုင်သေးတဲ့ အမှုတွေ၊ ရဲစခန်းမှာ ပိတ်သိမ်းသွားတဲ့အမှုတွေကို ထည့်သွင်းထားခြင်း မရှိပါဘူး။

ဒီအဖွဲ့ရဲ့ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာမှာ   ပြီးခဲ့တဲ့အစိုးရလက်ထက်က တရားစွဲဆိုခံရမှု ရ မှုမှာ ၅ ဦးက ပြစ်ဒဏ် ချမှတ်ခံခဲ့ရတယ်၊ လက်ရှိအစိုးရလက်ထက် တရားစွဲဆိုမှု ၄၂ ခုမှာ ပြစ်ဒဏ်ချ လိုက်တာ  ၅ မှု၊ ဖမ်းဆီးချုပ်နှောင်ခံရတာ  ၈ မှု ရှိတယ်၊ ကျန််အမှုတွေကတော့ အာမခံရရှိထားသူများ နဲ့ ရဲတပ်ဖွဲ့က စစ်ဆေးဆဲအမှုတွေ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ပြဋ္ဌာန်းပြီးသား ဆက်သွယ်ရေးဥပဒေထဲက ပုဒ်မ ခုနစ်ခုကို ပြင်ဆင်လိုကြောင်း အစီရင်ခံစာမှာ အကြံပြုထားပြီး ၆၆ (ဃ) နဲ့ အမှုဖွင့်တဲ့အခါ သြဇာကြီးသူတွေရဲ့ အမှုမျိုးကိုသာ ရဲတပ်ဖွဲ့အနေနဲ့ ဂရုတစိုက် ဆောင်ရွက်ကြတာ တွေ့ရတယ်လို့ အဆိုပါသုတေသနအဖွဲ့မှ ကဗျာဆရာမောင်ဆောင်း ခက ပြောပါတယ်။

“မိန်းကလေးတွေရဲ့ပုံတွေကို ပုံဖျက်ပြီး လိင်ပိုင်းဆိုင်ရာ အွန်လိုင်းစာမျက်နှာတွေမှာ တင်တာ ကို သွားတိုင်ရင် အမှုဖွင့်ပေးတာတောင် မရှိဘူး။ အဲ့ဒီလိုအမှုတွေက အများကြီးပဲ။ ကျွန်တော်တို့က အကုန် မသိနိုင်ဘူး။ ကျွန်တော်တို့ ဆီကို ဆက်သွယ်ပြီး အကြံတောင်းတာ  အမှု ၂ဝ လောက် ရှိမယ်။    ပြင်ဆင်ရေးကို လွှတ်တော်ကို တင်သွင်းတာ။ ဒါပေမယ့် တရားမျှတအောင်၊ လူ့အခွင့်အ ရေးနဲ့ အကိုက်ညီဆုံးဖြစ်အောင်၊ အဓိကက ဘယ်သူ့ကိုမဆို အာမခံပေးရမယ်၊ နာမကျန်းလို့ တရားရုံး မလာနိုင်သူ၊ မိမိ ဂုဏ်အရ တရားရုံးနဲ့ လူသူရှေ့မှာ ထွက်ဆိုလို့ မရတဲ့ အမျိုးသမီးတွေကလွဲလို့ ကြားလူကနေ တရားစွဲလို့ မရအောင်မျိုးပေါ့” လို့ ကိုယ်တိုင်လည်း ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် ၆ လ ချမှတ်ခံရဖူးသူ မောင်ဆောင်းခက ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က လွန်ခဲ့တဲ့ ၂ လခွဲခန့်က အမျိုးသားလွှတ်တော်မှာ အဆိုပါပုဒ်မကို ဖျက်သိမ်းရေးအစီအစဉ် ရှိမရှိ မေးခွန်း မေးမြန်းရန် ပြင်ဆင်ခဲ့ပေမယ့် ပါတီတွင်း စိစစ်ရေးကော်မတီက ခွင့်ပြုခဲ့ခြင်း မရှိလို့  သူ့မေးခွန်းကို လွှတ်တော်အတွင်း တင်သွင်းခြင်း မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ရှိသင့်တဲ့ဥပဒေတစ်ရပ်ဖြစ်ပေမယ့် ပြင်ဆင်သင့်တဲ့အချက်တွေ ရှိနေကြောင်း သူက ဆက်ပြောပါတယ်။

“ကာယကံရှင် မဟုတ်ပေမယ့် ကြားကနေ ကြိုက်တဲ့သူက စွဲလို့ရတယ်။ ဥပဒေမှာက ဒီလို မဖြစ်သင့်ဘူးလေ။ တနည်းနည်းနဲ့တော့ ပြင်ဆင်သင့်တယ်။ ဒါပေမယ့် လူတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်၊ လုံခြံုမှုတို့ကို မထိခိုက်တာမျိုး ဖြစ်ရမယ်။ ဒီမိုကရေစီစံနှုန်းတွေလည်း မထိခိုက်တာမျိုး ဖြစ်ရမယ်။ ကျွန်တော့်အနေနဲ့ နောက်ပိုင်း အခြေအနေပေးရင် ပုံစံတစ်မျိုးမျိုးနဲ့ ဒီဟာကို ထပ်တင်ဖို့ လုပ်မှာပါ” လို့ လွှတ်တော်အမတ် ဦးရဲထွဋ်က  ရှင်းပြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly