သင်္ကြန် ရုံးပိတ်ရက် ၁၀ ရက် ဆက်တိုက် ပြန်ဖြစ်မယ်

သင်္ကြန် ရုံးပိတ်ရက် ၁၀ ရက် ဆက်တိုက် ပြန်ဖြစ်မယ်

ဌာနဆိုင်ရာ ၀န်ထမ်းများကို ယခင်အတိုင်း သင်္ကြန် ရုံးပိတ်ရက်(၁၀) ရက် ဆက်တိုက်ပိတ်ရက် ရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ယာယီညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္ဈိမသို့ပြောသည်။

" သင်္ကြန်ပိတ်ရက်က ၅ ရက်ပဲ။  ဌာနဆိုင်ရာ အစီစဉ်နဲ့ လုပ်တာက ၅ရက်ပေးမယ်။ အဲ့တော့ ၀န်ထမ်းတွေက ၁၀ ရက် ရမယ်။ ပုဂ္ဂလိက ၀န်ထမ်းတွေရှိတယ် စက်ရုံ အလုပ်သမားတွေ အဲ့တာတွေ ကိုလည်း ဒီနေ့ UMFCCI မှာ ညှိတယ်။ သူတို့လည်း ၁၀ ရက်ရအောင် လုပ်ပေးနေတယ်။ တရာဝင် ရုံးပိတ်ရက်ကတော့ ၅ရက်ပဲ။ ဌာနဆိုင်ရာတွေ (၀န်ထမ်းများ)  ဆက်တိုက် နားလို့ရအောင် လုပ်ပေးမယ်” ဟု ပြောသည်။

ပြည်ထောင်စု အစိုးရက မတ်လ ၁၀ ရက်တွင် ၃၁/၂၀၁၇ ဖြင့် ထုတ်ပြန်သည့် အမိန့်တွင် သင်္ကြန်ပိတ်ရက်ကို ၅ ရက်သတ်မှတ်ထားသည်။ သို့သော် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ မိမိတို့ အစီအစဉ်ဖြင့် ပိတ်ရက် ၅ ရက် သတ်မှတ်ရမည်ဖြစ်သည်။ ထို့ကြောင့် စုစုပေါင် သင်္ကြန်ပိတ်ရက် ၁၀ ရက် ရရှိမည်ဖြစ်သည်။

၀န်ကြီးဌာန အသီးသီးရှိ နိုင်ငံဝန်ထမ်းများအနေဖြင့် သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း မိသားစုတွေများနှင့် ပြန်လည်တွေ့ဆုံခြင်း၊ အလှူအတန်း ဘာသာရေးကိစ္စများ ပြုလုပ်ခြင်း၊ ပြည်တွင်း၊ ပြည်ပ အပန်းဖြေခရီး သွားရောက်ရန် ကြိုတင် စီစဉ်ထားခြင်းတို့ကြောင့် မူလက ခံစားခွင့်ပြုထားသော မဟာသင်္ကြန် ရုံးပိတ်ရက်(၁၀)ရက်အတိုင်း ခံစားခွင့်ရရှိရေး သက်ဆိုင်ရာဌာန အစီအစဉ်ဖြင့် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။

သင်္ကြန်ပိတ်ရက် ၁၀ ရက်ဆက်တိုက် အနားယူနိုင်ရန် စီစဉ်ပေးမည်ဖြစ်သော်လည်း ၀န်ကြီးဌာနအလိုက်  ပိတ်ရက်ပေးမှုမှာ ကွဲပြားနိုင်သည်ဟု  ဦးဇော်ဌေးကပြောသည်။

" ရုံးပိတ်ရက် ၅ရက်ကလွဲလို့ ကျန်တဲ့ရက်တွေမှာ ဌာနဆိုရင် အလုပ်တွေလုပ်ရမယ်။ တချို့လုပ်ရမယ့် ဌာနတွေလည်း လုပ်ရမယ်။ အဲ့တာ ဌာနအစီစဉ်နဲ့လုပ်ရမှာ။ သူ့ဟာသူ လုပ်လိမ့်မယ် နှစ်သုတ်ခွဲရင် ခွဲမယ် ၃ သုတ်ခွဲရင်ခွဲမယ် ဒါကတော့ သက်ဆိုင်ရာဝန်ကြီးဌာနလုပ်လိမ့်မယ် " ဟု ပြောသည်။

ယခုနှစ် သင်္ကြန် ပိတ်ရက် ၅ရက်အစား ကိုယ့်အစီစဉ်ဖြင့်ကို ၁၀ရက်ပိတ်ပေးနိုင်ရန် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် လုပ်ငန်းရှင်များ မတ် ၆ ရက်တွင်တွေ့ဆုံခဲ့သည်။

ပြည်ထောင်စုအစိုးရမှ  “နှစ်သစ်ကူးရုံးပိတ်ရက်များအား မဟာသင်္ကြန်အကြိုနေ့ မတိုင်မီ တစ်ရက်မှစ၍ ၁၀ရက်တိတိ သတ်မှတ်ခဲ့သည့်အတွက် ရက်ရှည်ကာလရုံးပိတ်ရက်နှင့် ဘဏ်ပိတ်ရက်ရှည်   ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းများ အခက်အခဲဖြစ်ပေါ်လာခြင်းနှင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာခြင်း” ကြောင့်ဟုဆိုက မတ် ၁၀ ရက် အမိန့်ကြော်ငြာစာတွင် ရေးသားထားသည်။

ထုတ်ပြန်လိုက်သည့် အမိန့်ကြော်ငြာစာတွင် မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက် ၁၀ရက်အစား မဟာသင်္ကြန် အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ၅ရက်သာ သတ်မှတ်လိုက်ကြောင်း ဖော်ပြထားသည်။ ကျန်ရှိသည့် ရုံးပိတ်ရက် ၅ရက်အား သီတင်းကျွတ်ရုံးပိတ်ရက်များ၊ တန်ဆောင်တိုင်ရုံးပိတ်ရက်များနှင့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ဖြည့်တင်း၍ ပြင်ဆင်သတ်မှတ်ကြောင်း အမိန့်ကြော်ငြာစာတွင် ပါရှိသည်။

ဖြည့်တင်းသတ်မှတ်လိုက်သည့် ပိတ်ရက်များမှာ သီတင်းကျွတ်ရုံးပိတ်ရက် ၃ရက်၊ တန်ဆောင်တိုင် ရုံးပိတ်ရက် ၂ရက်နှင့် နိုင််ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်  ၂ရက် ဖြစ်ကြောင်းလည်း အမိန့်ကြော်ငြာစာတွင် ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly