သင်္ကြန် ၁၀ ရက်ပိတ်ပေးဖို့ အလုပ်သမားအတွင်းဝန်နှင့် လုပ်ငန်းရှင်များညှိနှိုင်း

သင်္ကြန် ၁၀ ရက်ပိတ်ပေးဖို့ အလုပ်သမားအတွင်းဝန်နှင့် လုပ်ငန်းရှင်များညှိနှိုင်း

ယခုနှစ်သင်္ကြန်ကာလ ပိတ်ရက် ၅ရက်အစား ကိုယ့်အစီစဉ်ဖြင့်ကိုယ် ၁၀ရက်ပိတ်ပေးနိုင်ရန် ကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင်  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် လုပ်ငန်းရှင်တို့ မတ်လ ၁၃ ရက်က ဆွေးနွေးခဲ့ကြသည်။

"အရင် ၁၀ ရက် အခု တရားဝင်သတ်မှတ်လိုက်တာ ၅ ရက်၊ ၅ရက်ပေါ်မှာ အလုပ်ရှင်တွေအနေနဲ့ ကလေးတွေလည်း သွားဖို့လာဖို့ ပြင်ဆင်ပြီးသား ဖြစ်နေတဲ့အပေါ်မှာ အလုပ်ရှင်တွေနဲ့ ဒို့ကထပ်ပြီးတော့မှ ၁၀ ရက်ပေးဖို့ မေတ္တာရပ်ခံတာ ဒါပေမယ့် အလုပ်ရှင်တွေလည်း ပူးပေါင်း ဆောင်ရွက်ပါတယ်။ အချုပ်ကတော့လေ။ ၁၀ ရက် ပိတ်ပေးမယ် အဲ့အပေါ်မှာ ဘယ်လိုနည်းနဲ့ ခံစားခွင့်ပြန်ပေးမလည်း ခွင့်အနေနဲ့ ပေးမလား ရက်အစား ပေးတဲ့စနစ်နဲ့ လုပ်မလား ဒါတွေ အလုပ်ရှင်နဲ့ အလုပ်သမားညှိနှိုင်းပြီး ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ဖို့ရှိတာပေါ့နော် " ဟု အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အား ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က မဇ္ဈိမသို့ပြောသည်။

ပြည်ထောင်စုအစိုးရမှ သင်္ကြန် ပိတ်ရက်ကို မတ် ၁၀ ရက်ကစပြီး နှစ်စဉ် ၅ရက်သာပိတ်ရန်  ပြင်ဆင် သတ်မှတ်လိုက်ခြင်းကြောင့် အလုပ်သမားများ အခက်အခဲ မဖြစ်စေရန် စက်မှုဇုန်များမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။

ပိတ်ရက် ၁၀ ရက်ပေးမည်ဖြစ်သော်လည်း သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ပိတ်ရက်များ ရှိနေသည့်အတွက် လုပ်ငန်းရှင်များဘက်မှ ပိတ်ရက်များနေသည့်အပေါ် အဓိကထား ဆွေးနွေးခဲ့သည်ဟုလည်း ဦးမျိုးအောင်က ပြောသည်။

အလုပ်ပိတ်ရက်များကို  ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ပြင်ဆင်သတ်မှတ်ရခြင်းမှာ ရေရှည်စီမံကိန်းများ အပေါ် မူတည်ပြီးလုပ်ခြင်းဟုလည်း ဦးမျိုးအောင်ကဆိုသည်။

ပြည်ထောင်စုအစိုးရမှ  “နှစ်သစ်ကူးရုံးပိတ်ရက်များအား မဟာသင်္ကြန်အကြိုနေ့ မတိုင်မီ တစ်ရက်မှစ၍ ၁၀ရက်တိတိ သတ်မှတ်ခဲ့သည့်အတွက် ရက်ရှည်ကာလ ရုံးပိတ်ရက်နှင့် ဘဏ်ပိတ်ရက်ရှည် ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းများ အခက်အခဲဖြစ်ပေါ်လာခြင်းနှင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာခြင်း” ကြောင့်ဟု မတ် ၁၀ ရက် အမိန့်ကြော်ငြာစာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly