နှစ်သစ်ကူးအားလပ်ရက် ၁၀ ရက်ပေးတဲ့ လုပ်ငန်းရှင်နှစ်ဦးနှင့် ပြည်သူအသံများ

နှစ်သစ်ကူးအားလပ်ရက် ၁၀ ရက်ပေးတဲ့ လုပ်ငန်းရှင်နှစ်ဦးနှင့် ပြည်သူအသံများ

နှစ်သစ်ကူးအားလပ်ရက်ကို (၁၀) ရက် ပိတ်ပေးခဲ့သည့် အလုပ်ရှင် (၂) ဦး အင်တာဗျူး နှင့် ပြည်သူ့အသံများကို တင်ဆက်ပေးလိုက်ပါသည်။

နယ်ဝေးကလာတဲ့ အလုပ်သမားတွေကတော့ (၅) ရက်နဲ့မလောက်ဘူး လို့ ပြောလာသူက Y MAX ကုမ္ပဏီက CEO ကိုဖြိုးအာကာပါ

အလုပ်ရှင်တစ်ယောက်အနေနဲ့တော့ ထူးထူးခြားခြားမခံစားရဘူး။ ဝန်ထမ်းတွေုဘက်ကဆိုရင်တော့ ခံစားမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ နယ်ဝေးတွေ ပြန်မှာတွေရှိတယ်။ တစ်ချို့ဆို မြန်မာပြည် အရှေ့ပိုင်းက လာလုပ်တာတွေရှိတယ်။ အလယ်ပိုင်းက လာတာတွေရှိတယ်။ အလယ်ပိုင်းကနေ မြောက်ပိုင်းကို လာလုပ်တယ်။ သူတို့တွေပြန်ဖို့ဆို အချိန်လိုအပ်တာပေါ့။ အဲ့ဒီအတွက် (၅) ရက်ဆိုတာ မလောက်ဘူးလို့ ထင်ပါတယ်။

အစိုးရအနေနဲ့ ဒီကိစ္စမှာ ဘယ်လိုဖြစ်သင့်လဲ

“ဆုံးဖြတ်တာကတော့ သူတို့အပိုင်းပါ။ ကျွန်တော့်အမြင်ပြောရရင် ဒီလိုမျိုးဆုံးဖြတ်ရင် ပြက္ခဒိန်မရိုက်ခင်ကတည်းက လုပ်သင့်တယ်လို့ထင်တယ်။ အနည်းဆုံးတော့ (၃) လလောက်တော့ ကြိုပြီး အသိပေးသင့်တယ်။ အခုက အရမ်းကပ်နေတဲ့အခါကျတော့ စီစဉ်ထားတာလေးတွေ ပျက်ကုန်တာပေါ့။ ဝန်ထမ်းတွေ အနေနဲ့ မျှော်လင့်ချက်တွေ ရိုက်ချိုးသလိုဖြစ်သွားတာပေါ့။ သူတို့စီစဉ်ထားတာ .. ဥပမာ။ ခရီးသွားမယ့်လူတွေ ရှိတယ်။ ဘုန်းကြီးဝတ်မယ့်လူတွေ၊ တရားစခန်းဝင်မယ့်လူတွေ၊ မယ်သီလရှင် ဝတ်မယ့်လူတွေ၊ နေရပ်ပြန်မယ့်လူတွေရှိတယ်။ သူတို့မျှော်လင့်ချက်ကို ရိုက်ချိုးသလိုဖြစ်သွားတယ်လို့ မြင်ပါတယ်” ဟု Y MAX ကုမ္ပဏီက CEO ကိုဖြိုးအာကာ ကပြောပါတယ်။

၀န်ထမ်းတွေကို စိတ် တက််ကြွ စေချင်တယ်

“အလုပ်တစ်ခုဆိုတာ နှစ်ဦးနှစ်ဘက် ကြည့်ရမယ်။ ကျွန်တော်က Private ကုမ္ပဏီအနေနဲ့ ကျွန်တော်တစ်ယောက်ထဲ လုပ်လို့မရဘူး။ ဝန်ထမ်းတွေနဲ့ လက်တွဲပြီးလုပ်ရတဲ့အပေါ်မှာ သူတို့စိတ်ကျေနပ်ဖို့လည်း လိုတာပေါ့။ အနားနီးမှ ကြေငြာလိုက်တဲ့အတွက် ကျွန်တော်တို့က သူတို့မျော်လင့်ချက်တွေကို ရိုက်မချိုးချင်ဘူး။ သူတို့ကိုလည်း ပျော်စေချင်တယ်။ စိတ်အားတက်ကြွစေချင်တယ်။ အဲ့ဒီအတွက် သူ့ဘက်ကိုယ့်ဘက် ကြည့်ပြီး ပိတ်ပေးခဲ့တာပါ”  ဟု Y MAX ကုမ္ပဏီက CEO ကိုဖြိုးအာကာက ပြောပါတယ်။

လာမယ်နှစ်တွေမှာလည်း ၀န်ထမ်းတွေနားချင်ရင် (၁၀) ရက်မဟုတ်ရင်တောင် (၇) ရက်လောက်တော့ ပေးသွားမယ်လို့ Asian Culture Tour Company ရဲ့ဒါရိုက်တာ ကိုကျော်လင်းထွန်းက ပြောပါတယ်။

တော်တော်များများက မကျေနပ်ဘူးဖြစ်မှာပေါ့။ ဘာလို့လဲဆိုတော့ တစ်နှစ်စာလုံးအတွက် စီစဉ်ထားပြီးပြီလေ။ အဲ့ဒီတော့ သူတို့စီစဉ်ထားတာလေးတွေ မပျက်အောင်  (၅) ရက်မလုပ်ဘဲ (၁၀) ရက် လုပ်ပေးလိုက်တာပါ။

ခရီးသွားလုပ်ငန်းတွေပေါ်အကျိုးသက်ရောက်မှုကိုလည်း အခုလိုပြောပါတယ်

Plan လုပ်ထားတဲ့ဟာတွေ တော်တော်ဒုက္ခရောက်မယ်ဗျ။ ပြီးတော့ သူတို့ပြောသလိုပေါ့။ ရုံးပိတ်ရက်ရှည်တော့ လုပ်ငန်းအထစ်ငေါ့ ရှိတာတော့ရှိနိုင်တယ်။ ဒါပေမယ့်လည်း ဒီနှစ်မှာတော့ ချက်ချင်းပြောင်းလို့ အဆင်မပြေနိုင်ဘူး။

ပိုင်ရှင်တွေအတွက်တော့ ကောင်းတာပေါ့။ ညီမတို့အတွက်က နစ်နာတယ် ဟု ဆေးကုမ္ပဏီက ၀န်ထမ်းတစ်ဦးဖြစ်တဲ့ မသီတာကြိုင်က ပြောပါတယ်။

၅ ရက်ထဲ ပိတ်တယ်ဆိုတော့ နစ်နာတာပေါ့။ နားချိန်နည်းသွားတာပေါ့ ဟုပြောပါတယ်။

အလုပ်ပိတ်ရက်ကို (၁၀)ရက်ဆိုရင် နယ်သမားတွေအတွက် ပိုအဆင်ပြေလိမ့်မယ် ဟု ကုမ္ပဏီဝန်ထမ်း မသဲဆုမွန်က ပြောပါတယ်။

အလုပ်ပိတ်ရက်ကို (၁၀) ရက် လောက်ဆိုရင်တော့ နယ်သမားတွေအတွက်က ပိုပြီးတော့ အဆင်ပြေတာပေါ့။ မနက်ဖြန်သင်္ကြန်ကျတော့မယ်ဆိုရင် ဒီနေ့ကျမှပိတ်တယ်ဆိုတော့ သူတို့တွေအတွက် အဆင်မပြေဘူး။ ကားအခက်ခဲတွေရှိတာပေါ့။ တစ်ချို့က ရထားနဲ့ ပြန်ရတာ ရထားအခက်ခဲတွေရှိတယ်။ အဲ့ဒါကြောင့် အဆင်မပြေနိုင်ဘူး ဟုမသဲဆုမွန်က ပြောပါတယ်။

ဖြစ်နိုင်ရင်တော့ ကိုယ့်နိုင်ငံနဲ့ကိုက်ညီတဲ့ ရက်ရှည်ကိုပဲ ပေးစေချင်တယ်လို့ ညီမျှခြင်းမြန်မာ ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အများပြည်သူရုံးပိတ်ရက် ကို ပြန်တမ်းဝင် သတ်မှတ်ထားတာရှိပါတယ်။ နိုင်ငံတွေရဲ့ အနေထားအရ ရက်(၂၀) ကနေ  (၂၅) ရက်အထိ အများဆုံးသတ်မှတ်ထားတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ သင်္ကြန်တွင်းကို အဲ့လိုသတ်မှတ်ထားတယ်ဆိုတော့ ရက် (၂၀)သတ်မှတ်တဲ့ အနေထားမျိုးမှာရှိပါတယ်။ ဒါကို (၅) ရက်ပေးမလား (၁၀) ရက်ပေးမလားဆိုတာကို သူ့နိုင်ငံအခြေအနေ ပြန်တွက်ဖို့ လိုအပ်တယ်။  အမှန်က ကျွန်တော်တို့က သင်္ကြန်ရက်ကလည်း ရှည်တယ်။ သင်္ကြန်ရက်အတွင်းမှာ စနေ၊ တနင်္ဂနွေခံသွားရင် အစားထိုးနားရက် အနေနဲ့ ထပ်တိုးမယ်ဆိုရင် အစားထိုးနားရက်အနေနဲ့ ခံစားခွင့်ရှိတယ်။ အဲ့ဒီလို အနေထားမျိုးကို ထည့်သွင်း စဉ်းစားဖို့လိုမယ်။ ပြီးတော့ ကျွန်တော်တို့တိုင်းပြည်မှာ အလုပ်သမားတွေက တစ်နယ်တစ်ကျေးက လာလုပ်ကြတာ။ အဲ့ဒီလို ရက်လေးတွေကအိမ်ပြန်လို့မရဘူး။ ဒီနွေကျမှ အိမ်ပြန်ရတာ။ ကျွန်တော်တို့မှာ ထုံးစံရှိတာက နွေရာသီမှာ ဆိုလို့ရှိရင် ရှင်ပြုတာတို့ အလှူအတန်းလုပ်တာတို့ မိသားစုပြန်ဆုံတာ ဖြစ်တဲ့အတွက် ရက်တိုရင်တော့ အဆင်မပြေဘူး။ ဖြစ်နိုင်ရင်တော့ မိသားစုတွေ အဆင်ပြေတယ်။  ကိုယ့်နိုင်ငံနဲ့ကိုက်ညီတဲ့ ရက်ရှည်ပေးတာမျိုးကို အားပေးချင်တယ်။ နောက်တစ်ခါ တစ်ချို့က ထောက်ပြတာက ရက်ရှည်လုပ်မယ်ဆိုရင် အစိုးရဌာန ရုံးတွေပိတ်တဲ့အတွက် ဒါနဲ့ပတ်သတ်ပြီး တချို့က အခက်ခဲတွေရှိတယ်ပေါ့။ အဲ့ဒါဆိုရင် နည်းလမ်းသစ် ဘယ်လိုရှာနိုင်မလဲ။  ရုံးကိုလည်ပတ်မှု မရပ်အောင် ဆက်ထားလို့ရတယ်။ ရက်ရှည်ဖြစ်သွားလို့ တိုင်းပြည်နစ်နာမှုတွေရှိတယ်။ တကယ်လို့များ ကျွန်တော်တို့တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဆို ကိစ္စမရှိဘူး။ အခုမှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ စီးပွားရေးလုပ်ငန်းတွေ ဘဏ်ကိစ္စတွေ လိုတဲ့အချိန်မှာ အဲ့ကိစ္စတွေမှန်ပေမယ့်  ဒါကိုမလည်ပတ်ဘဲနဲ့  အဲ့ဒီနေရာကို လည်ပတ်နိုင်တဲ့သူတွေကို တာဝန်ပေးထားမယ်။ အဲ့ဒီမှာ အလုပ်လုပ်တဲ့ သူတွေ ရှိတဲ့အတွက်ကြောင့် ကျန်တဲ့လူတွေက မိသားစုအတွက် အဆင်ပြေနိုင်မယ့် ရက်ရှည်ကို ပြန်လည် အစားထိုးပေးရင် အဆင်ပြေပါလိမ့်မယ်လို့ ယူဆပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly