ကျောက်မီးသွေး စက်ရုံအတွက် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ပြောစကား မဟုတ်မှန်ကြောင်း ဒေသခံများ ရှင်းလင်း

ကျောက်မီးသွေး စက်ရုံအတွက် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ပြောစကား မဟုတ်မှန်ကြောင်း ဒေသခံများ ရှင်းလင်း

ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့နယ်ခွဲတွင် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတထံ တင်ထားသည့် ကန့်ကွက်လက်မှတ် များသည် ငွေပေး ၍ ရေးထိုးခိုင်းထားသည်ဟူသော တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင် ပြောဆိုခြင်းမှာ မဟုတ်ဟု ဒေသခံများက ဇူလိုင် ၂၇ ရက်တွင် ပုသိမ်မြို့၊ M2 စားသောက်ဆိုင်တွင် သတင်းစာ ရှင်းလင်းပွဲ လုပ်ပြော ဆိုလိုက်သည်။  

တိုင်းဝန်ကြီးချုပ်က ဇူလိုင် ၂၁ ရက်က ဒီဗီဘီ သတင်းဌာနနှင့် အင်တာဗျူးတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းကြောင့် ဒေသခံများက သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခြင်းဖြစ်သည်။

ငရုတ်ကောင်းဒေသခံ ဦးကြည်အေးက “မြေပိုင်ရှင်တွေ ငွေပေးပြီး လက်မှတ်ထိုးခိုင်းတယ် ဆိုပြီး ဝန်ကြီးချုပ်ပြောတာ မဟုတ်ကြောင်း ပြောချင်တာပါ။ ကမ်းခြေဒေသဖွံ့ဖြိုးမှု ကွန်ရက် ဦးဆောင် ပြီးတော့ ကမ်းခြေသူ ကမ်းခြေသားတွေကို ရိုးရိုးသားသားနဲ့ရှင်းပြပြီး၊ ကျောက်မီးသွေး စက်ရုံ မရှိ သင့်ဘူး ရှင်းပြတာကို လက်ခံလို့ ထိုးတာပါ” ဟု  သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကျောက်မီးသွေး စက်ရုံများနှင့် ပတ်သက်ပြီး လေ့လာရန် အချို့ကို ဂျပန်ကို စေလွှတ်ခဲ့ပြီး ၎င်းတို့ကလည်း ပြန်လာပြီးနောက် လက်ခံသည်ဟုလည်း တိုင်းဝန်ကြီးချုပ်က ဆိုခဲ့သည်။ သို့သော်လည်း ယင်းမှာ မဟုတ်ဘဲ ဂျပန်သို့ ၁၅ ယောက် စေလွှတ်ခဲ့ပြီး လက်ခံသူ ၁၀ ယောက်ကိုသာ လှည့်လည် ရှင်းပြခွင့်ပေး၍ လက်မခံသူများကို ပြောဆိုခွင့်မပေးဟု သွားရောက်လေ့လာပြီးနောက် လက်မခံသူ တစ်ဦးဖြစ် သည့် ဦးကြည်အေးက ဆိုသည်။

၎င်းက “၁၅ ယောက်မှာလည်း လက်ခံတဲ့သူတွေကိုပဲ ကျေးရွာတွေမှာ လှည့်လည်ရှင်းပြတော့ ကန့်ကွက်တဲ့သူ ငါးယောက်ကို ပြောဆိုခွင့်မပေးဘူး။ ဒေသခံတွေက ပြန်ပြီးမေးခွန်းလည်း မေးခွင့် မပေးဘူး” ဟု  ပြောသည်။

ဂျပန်သို့ လိုက်ပါ လေ့လာခဲ့သူ ဦးမိုးကျော်သူကလည်း “ကျွန်တော်တို့ကောက်ခံတာ ဖိအားပေးမှုတွေ မပါဘူး။ ဝန်ကြီးအဖွဲ့နဲ့ကုမ္ပဏီက ရောက်လာပြီးတော့ ရှင်းပြတယ်။ ပြည်သူ လက်မခံရင် မလုပ်ပါဘူး လို့ အကြိမ်ကြိမ် ကတိတွေပေးခဲ့တယ်” ဟု  ဆိုသည်။

ငပုတောမြို့နယ်၊ ငရုတ်ကောင်းဒေသတွင် TA TA Power Co.Ltd၊A1 Co.Ltd နှင့် မစ်ဆူဘီရှီ တို့က တည်ဆောက်မည်ဖြစ်ပြီး ကျောက်မီးသွေး စက်ရုံ တည်ဆောက်ခြင်း မပြုရန် ဒေသခံ ၈,၅၀၀ ကျော်က နိုင်ငံတော် သမ္မတထံ မေလ ၂၆ ရက်တွင် လက်မှတ်ရေးထိုး ကန့်ကွက်စာ ပေးပို့ခဲ့သည်။

ဒေသခံများ လက်မခံလျှင် ယင်းစီမံကိန်းကို ဆက်လုပ်မည် မဟုတ်ဟု တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမအကြိမ်၊ ၁၁ ကြိမ်မြောက် အစည်းအဝေး နိုဝင်ဘာလ ၁၄ ရက်တွင် မီဒီယာများ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

ငရုတ်ကောင်း ကျောက်မီးသွေးစက်ရုံကို ဂျပန်ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ A1 Energy တို့က မဂ္ဂါဝပ် ၃၀၀ ရှိသည့် စက်ရုံနှစ်ခု တည်ဆောက်မည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ကို ၂၅ နှစ် လုပ်ကိုင်ရန် သဘောတူစာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

စက်ရုံတည်ဆောက်ရန် ကွင်းဆင်းစစ်ဆေးမှုများကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလနှင့် ဇူလိုင်လတို့ တွင် ပြုလုပ်ခဲ့သည်။  စက်ရုံနှစ်ရုံအတွက် စုစုပေါင်း မြေနေရာမှာ ဧက ၂၀၀ ဝန်းကျင်ပေါ်တွင် တည်ဆောက် မည်ဖြစ်သည်။ ထွက်ရှိလာသည့်လျှပ်စစ်ဓာတ်အားကို ဧရာဝတီတိုင်းဒေသကြီးရှိ စက်မှုဇုန် များကို ဖြန့်ဖြူးပေးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly