အာဆင်နယ်ကစားသမား အနာဂတ်မှာ နည်းပြအာစင်ဝင်းဂါးအပေါ် မူတည်ခြင်းမရှိဟု အိုဇေးလ် ပြော

အာဆင်နယ်ကစားသမား အနာဂတ်မှာ နည်းပြအာစင်ဝင်းဂါးအပေါ် မူတည်ခြင်းမရှိဟု အိုဇေးလ် ပြော

မတ် ၁၃၊ အင်္ဂလန် ။            ။ ဂျာမနီကွင်းလယ်တိုက်စစ်ကစားသမား အိုဇေးလ်က ၎င်း၏အာဆင်နယ်ကစားသမားဘဝအနာဂတ်မှာ နည်းပြအာစင်ဝင်းဂါးအပေါ်တွင် မူတည်ခြင်းမရှိကြောင်း ပြောဆိုလိုက်သည်။

အိုဇေးလ်နှင့်အာဆင်နယ်တို့၏ စာချုပ်သက်တမ်းမှာ တစ်နှစ်ကျော်သာ ကျန်ရှိတော့ပြီး လက်ရှိတွင် တစ်ပတ်လစာငွေ ပေါင် ၂ သိန်းရရှိရန် အာဆင်နယ်အသင်းနှင့် ဆွေးနွေးလျက်ရှိနေသည်။

‘အရာရာအားလုံး ပွင့်ပွင့်လင်းလင်းပါပဲ။ အသင်းနဲ့စကားပြောဆို ဆွေးနွေးမှုတွေရှိပါတယ်။ အခုလက်ရှိတော့ ဒီနှစ်ရာသီအတွက်ကိုပဲ အာရုံစိုက်ထားပါတယ်။

အာဆင်နယ်ကို ကျွန်တော်ပြောင်းလာရတဲ့ အဓိက အကြောင်းပြချက်တစ်ခုက အာစင်ဝင်းဂါး ဖြစ်ပါတယ်။ ဒါပေမဲ့ ဘောလုံးလောကမှာက အရာရာ မြန်မြန်ဆန်ဆန် ပြောင်းလဲနေပါတယ်။ ဘယ်တော့မှ အစီအစဉ်ချမှတ်ထားလို့ မရပါဘူး။

ကျွန်တော့်ရဲ့အနာဂတ်က အာစင်ဝင်းဂါးအပေါ်မူတည်နေတယ်လို့ ပြောဆိုနေကြတာတွေကတော့ မှားပါတယ်’ ဟု အိုဇေးလ်က ပြောဆိုခဲ့သည်။

အာဆင်နယ်အသင်းအနေဖြင့် အိုဇေးလ်အား စာချုပ်သက်တမ်းတိုးနိုင်ဖွယ်ရှိနေသော်လည်း ဆန်းချက်ဇ်ကိုမူ စာချုပ်သစ်ချုပ်ဆိုရန် မလွယ်ကူပေ။ ဆန်းချက်ဇ်မှာ လက်ရှိတွင် အသင်းနှင့်အဆင်မပြေဖြစ်နေပြီး တစ်ပတ်လစာငွေ ပေါင် ၃ သိန်းခန့် အလိုရှိနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly