“ အခြေခံလူတန်းစားတွေ တိုက်ခန်းပိုင်ဖို့ အိပ်မက် တကယ်ဖြစ်လာနိုင်မလား ”

“ အခြေခံလူတန်းစားတွေ တိုက်ခန်းပိုင်ဖို့ အိပ်မက် တကယ်ဖြစ်လာနိုင်မလား ”

အခုရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ အိမ်ခန်းတစ်ခန်းကို ကျပ် ၄၅သိန်းလောက်ပဲပေးရမယ့် အိမ်ရာစီမံကိန်းကြီးတစ်ခု အကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေတယ်၊ အဆင်သင့် လည်းဖြစ်နေ ပြီဆိုပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး တစ်ယောက်က ပြောဆိုလိုက် တဲ့ သတင်းက ထူးပါတယ်။

ဒီလိုပြောဆိုလိုက်သူဟာ တကယ်လည်း တန်ဖိုးနည်း အိမ်ရာတွေ အကောင်အထည်ဖော်ခဲ့ဖူးတဲ့ တော်ဝင် မိသားစု ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဦးကိုကိုထွေး ဖြစ်လေ တော့ တကယ်လက်တွေ့ကျတဲ့ပြောဆို မှုလို့ မှတ်ယူနိုင်ပါတယ်။ ဦးကိုကိုထွေး ပြောတဲ့ တန်ဖိုးနည်း အိမ်ရာစီမံကိန်းဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လောက်ဖြစ်နိုင်သလဲ၊ အခြေခံ လူတန်းစားတွေ တကယ်ပဲ တိုက်ခန်း ပိုင်ဆိုင်နိုင်ကြတော့မလား ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြ သွားပါ့မယ်။

ဦးကိုကိုထွေး အကောင်အထည်ဖော်မယ့် စီမံကိန်းမှာ တိုက်ခန်းပေါင်း ၃ သိန်းလောက်ပါဖို့ မှန်းထားပြီး မြေဧက ၁,၀၀၀ လောက် လိုတယ်လို့ ဆိုပါတယ်။ အဲဒီ အဆောက်အအုံတွေမှာ ရှစ်လွှာပါမှာဖြစ်ပြီး အခန်းပေါင်း ၃၁၂ ခန်းပါမယ်လို့ သိရပါတယ်။ ဓာတ်လှေခါး အရေးပေါ် လှေခါးလည်း ပါမှာဖြစ်ပြီး အခန်းတစ်ခန်းကို အကျယ် ၁၀ ပေ၊ အရှည် ပေ ၂၀ ရှိမယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းအတွက် တစ်ရက်ကို တိုက်ခန်းပေါင်း ၂၅၀ လောက်နဲ့ ၅ နှစ်အတွင်း အခန်း ၃ သိန်း အကောင်အထည် ဖော်မယ်လို့လည်း ရည်မှန်းထားတာပါ။ ဒီစီမံကိန်းကြီး တစ်ခုလုံး အတွက် ကျပ်ငွေ ဘီလီယံ ၁,၃၅၀၊ ဒါမှမဟုတ် ဒေါ်လာ တစ်ဘီလီယံလောက် ကုန်ကျမယ် လို့လည်း မှန်းထားပါတယ်။ တိုက်ခန်းတချို့ဆောက်ပြီးရောင်း၊ ရောင်းရတဲ့ငွေနဲ့ နောက်ထပ် တိုက်ခန်းတွေ ဆောက် ဆိုတဲ့ စနစ်နဲ့ လည်ပတ်သွားမယ်ဆိုတဲ့ အစီအစဉ် ပါ။ သူစဉ်းစားတာ ကတော့ ဝယ်ယူမယ့်သူဟာ ဘဏ်ချေးငွေကနေတစ်ဆင့် တစ်လကို ကျပ်တစ်သိန်းနှုန်း သွင်းရင် လပေါင်း ၄၅ လ ကြာရင် အခန်း အပိုင်ရပြီလို့ ဆိုပါတယ်။ သူ့ အစီအစဉ်ကို ဝေဖန် ကြည့်ကြရ အောင်ပါ။

မြန်မာနိုင်ငံ ရောက်နေတဲ့ ဒီကနေ့ ငွေကြေးဖောင်းပွမှု နှုန်းထား၊ မြင့်တက်လာတဲ့ ပြည်သူ တွေရဲ့ ဝင်ငွေနဲ့ကြည့်ရင် ဓာတ်လှေခါးပါတဲ့ တိုက်ခန်း တစ်ခန်းကို ကျပ် ၄၅ သိန်း၊ ဒေါ်လာ ၄,၀၀၀ တောင် မပြည့်တဲ့ နှုန်းနဲ့ ဝယ်နိုင်မယ်ဆိုတာဟာ အလွန် သက်သာတဲ့ နှုန်းထားဖြစ်ပါတယ်။ ပြောရရင် ဦးကိုကိုထွေးဟာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ယောက်လည်း ဖြစ်တာမို့သူ တွက်ချက်ပြ ထားတာတွေ ကို ကြည့်ပြီး ဆက်စပ်စဉ်းစားလို့ ရနိုင်ပါတယ်။ ဒါပေမယ့်လည်း သတင်းတွေမှာ ဖော်ပြတဲ့ အခန်းအကျယ်အဝန်းက ပေ ၁၀၊ ပေ ၂၀ ပဲ ဖြစ်တာမို့ ဟော်တယ်ခန်း သာသာ အတော်လေးကို ကျဉ်းမြောင်း ပါတယ်။

တကယ်တော့ တန်ဖိုးနည်း အိမ်ရာတိုက်ခန်း စီမံကိန်း အကောင်အထည်ဖော်ရာမှာ အရင် ခေတ်ဟောင်းတုန်းကလို တစ်ရွယ်တည်း၊ တစ်စားတည်း၊ တစ်ပုံစံတည်း အကောင်အထည် ဖော် တာထက် အရွယ်အစားအမျိုးမျိုး၊ အခန်းတွင်း တပ်ဆင်မယ့် အချက်အလက် အမျိုးမျိုး၊ အခန်းရဲ့ တည်နေရာ အမျိုးမျိုးကို လိုက်ပြီး ဈေးနှုန်း အမျိုးမျိုးသတ်မှတ်၊ ပြည်သူတွေကို ရွေးချယ် ဝယ်ယူ ခိုင်းလို့ ရပါတယ်။ ဒါပေမယ့် အရေးကြီးတာက လူနေတိုက်ခန်းတစ်ခန်းမှာ ရှိသင့်ရှိထိုက်တဲ့ စနစ် တွေ အပြည့်အစုံ ပါဝင်ရေးပါ။ ဒါနဲ့ပတ်သက်ပြီး အမျိုးသားအဆင့် စံတစ်ခု သတ်မှတ်ထားဖို့ တောင် လိုပါလိမ့်မယ်။

တိုက်ခန်းရဲ့ အရည်အသွေး၊ လျှပ်စစ်မီးကြိုး၊ တီဗီ အင်တင်နာကြိုး၊ တယ်လီဖုန်းကြိုး၊ အင်တာနက် လိုင်းကြိုး ထည့်သွင်းမယ့် နေရာမျိုးတွေ၊ အိမ်သာ အဆင့်အတန်း၊ လေဝင်လေထွက် စတာတွေကို အခြေခံအဆင့် သတ်မှတ်တာမျိုး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး အရေးအကြီးဆုံး အချက်ကတော့ အစိုးရကသာ မြေနေရာကိစ္စ အဆင်ပြေပြေ စီစဉ်ပေးတယ်ဆိုရင် အခြေခံ လူတန်းစားတွေအတွက် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းတွေ ကို ကောင်းကောင်း အကောင်အထည် ဖော်ပေးနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ လက်ရှိ ဦးကိုကိုထွေး အဆိုပြုချက်မှာ ကျပ် ၄၅ သိန်းတန် အိမ်ရာ တိုက်ခန်းတွေဖြစ်ပြီး လျှပ်စစ်၊ ရေ၊ တယ်လီဖုန်း ဆက်သွယ်မှုနဲ့ တကယ့်ကို လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့နေရာ၊ ပန်းခြံ၊ ကစားကွင်း၊ ရေကူးကန်၊ အစိုးရရုံး စသဖြင့် မြို့ပြအင်္ဂါ အစုံအလင်ပါတဲ့ နေရာက တိုက်ခန်းတွေ ဆိုရင်၊ ထိုက်သင့်တဲ့ အကျယ်အဝန်းလည်း ရှိမယ်ဆိုရင် ကျပ်ငွေသိန်း ၁၀၀ ကနေ ၂၀၀ အကြား အထိ အခြေခံ လူတန်းစားနဲ့ လူလတ်တန်းစားတွေ ဝယ်ယူဖို့ ဖြစ်နိုင်ပါတယ်။ ဘဏ်ချေးငွေ၊ အရစ်ကျစနစ်နဲ့ ဆိုရင်တော့ ဆိုဖွယ်ရာတောင် မရှိပါဘူး။

ဒီအတွက် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အစိုးရတွေဟာ တန်ဖိုးနည်း အိမ်ရာတွေ ဖော်ထုတ်မယ့် စီမံကိန်း အမျိုးမျိုး ရေးဆွဲဖို့ လိုပါတယ်။ အဓိက ကတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့နေရာ၊ ရေနဲ့ လျှပ်စစ် ထောက်ပံ့ပေးနိုင်တဲ့ နေရာတွေ ဖြစ်ဖို့ လိုပါတယ်။ ပြီးရင် ကိုယ်လိုအပ်တဲ့ အခြေအနေ အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း ချပြပြီး တင်ဒါခေါ်ယူဖို့ လိုပါတယ်။ တင်ဒါယှဉ်ပြိုင်မှုတွေကိုလည်း ရှင်းရှင်းလင်းလင်း ရိုးရိုးသားသား လုပ်ကိုင်ပြဖို့ လိုပါတယ်။

အဲဒီလိုဆိုရင် ဦးကိုကိုထွေးတို့လို အတွေ့အကြုံရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင် သူဌေးကြီးတွေတင်မက နိုင်ငံခြား ကုမ္ပဏီတွေပါ ဝင်ရောက်ယှဉ်ပြိုင်ကြဖွယ် ရှိပါတယ်။ အရေး အကြီးဆုံးကတော့ တိုက်ခန်း အရေအတွက် နည်းနည်းလေးအတွက် ကိုယ့်လူကို ကိုယ် လက်သိပ်ထိုး တင်ဒါပေး၊ ထွက်လာတဲ့ အခန်းတွေကို ကိုယ့်ဖာသာကိုယ် ဈေးနှုန်း လျှော့ချ သတ်မှတ်ပြီး ကိုယ်နဲ့ ကိုယ့်မိသားစုဆွေမျိုး အသိုင်းအဝိုင်းလောက်ပဲ ခွဲဝေ ဝယ်ယူခွင့်ရမယ့် “ကိုယ်ကျိုးရှာ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း” မျိုး မလုပ်ကြဖို့ လိုပါတယ်။

တန်ဖိုးနည်း တိုက်ခန်း အိမ်ရာတွေနဲ့ ပတ်သက်ပြီး အစိုးရ အာဏာပိုင်တွေ ဘက်ကသာ တကယ် ဆန္ဒရှိမယ်ဆိုရင် ပြည်သူ့အကျိုးကို တကယ်လိုလားတယ် ဆိုရင်၊ ရိုးသားမှုလည်း ရှိတယ်ဆိုရင် အကောင် အထည်ဖော်မယ့် လုပ်ငန်းရှင်တွေလည်း အများကြီး ရှိနေတယ်ဆိုတာ ဦးကိုကိုထွေးရဲ့ တင်ပြချက်က သက်သေပဲ ဖြစ်ပါတယ်။ မြေနေရာ ရှာဖွေခွင့်ပြုပေးတာ၊ စီမံကိန်း အကောင်အထည် ဖော်ခွင့်ရတဲ့ ကုမ္ပဏီကို အခွန်လျှော့ချတာ၊ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်း တွေကို အထူးအခွင့်အရေးပေး တင်သွင်းခွင့်ပြုတာ၊ လျှပ်စစ်မီး၊ ရေ ရရှိရေးကိစ္စ အာဏာပိုင်တွေ ဘက်က ပူးပေါင်းဆောင်ရွက်ပေးတာတွေ သာ ရှိခဲ့မယ်ဆိုရင် အခြေခံ လူတန်းစားနဲ့ လူလတ် တန်းစားတွေရဲ့ ကိုယ်ပိုင်တိုက်ခန်း ဝယ်ယူပိုင်ဆိုင်နိုင်ရေး အိပ်မက် တကယ်ဖြစ်လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags