ရေဘေးနှင့် နိုုင်ငံရေးသမားနှင့် အစိုုးရ တာဝန်

ရေဘေးနှင့် နိုုင်ငံရေးသမားနှင့် အစိုုးရ တာဝန်

မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် လတ်တလော ကြုံတွေ့နေရသည့် ရေကြီးမှုများသည် မြန်မာ့နိုင်ငံရေး၊ မြန်မာနိုင်ငံအစိုးရတို့ကို မှတ်ကျောက်တင် သည့် အဖြစ်အပျက်တစ်ခုအဖြစ် ရှုမြင်မိသည်ဆိုလျှင် အချို့အံ့သြကောင်း အံ့သြ ကြပေမည်။

တကယ်လည်း ယင်းဖြစ်ရပ်များသည် မြန်မာ့နိုင်ငံရေးသမားများနှင့် လက်ရှိအစိုးရ၏ နိုင်ငံရေး အဆင့်အတန်းကို ထင်ဟပ်စေသည့် ဖြစ်ရပ်ပင် ဖြစ်သည်။

အဘယ်ကြောင့် ထိုသို့ဆိုရ သနည်းဟုမေးလာသော် နိုင်ငံရေး၏ ရည်ရွယ်ချက်၊ ပန်းတိုင်၊ အစိုးရ၏ ရည်ရွယ်ချက် ပန်းတိုင်သည် ပြည်သူလူထု၏ အသက်၊ စည်းစိမ်၊ အိုးအိမ်ကို ကာကွယ်ပေးရန်၊ လူနေမှု ဘဝ တိုးတက်မြင့်မားစေဖို့ လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရောက်အောင် ဦးဆောင်ဖို့၊ လုပ်ဆောင်ဖို့ ပင်ဖြစ်သောကြောင့်ပင်။

ယခု ရေကြီးရေလျှံနေသည့် ဒေသအချို့တွင် လူအသက်ဆယ်ဂဏန်းနှင့်ချီ၍ ဆုံးရှုံးသွားခဲ့ သည်။ အစိုးရတစ်ရပ်သည် ယင်းသို့သော ဖြစ်ရပ်များနောက်ထပ် မဖြစ်ပွားရလေအောင် လတ်တလော လုပ်ဆောင်ရမည့် တာဝန်၊ ရေရှည်လုပ်ဆောင်ရမည့် တာဝန်များကို အမြန်ဆုံး ရှာဖွေ လုပ်ဆောင်ရမည် ဖြစ်သည်ဟု မဇ္ဈိမ က ယုံကြည်ပါသည်။

ရုတ်တရက် ရေကြီးခြင်းကြောင့် လူ့အသက်များကို မကာကွယ်နိုင်ခြင်းဖြစ်သည်ဟု ဆင်ခြေ ပေး ကောင်းပေးပေလိမ့်မည်။ သို့ရာတွင် မိုးလေဝသနှင့် ဇလဗေဒဌာနက ထုတ်ပြန်သည့် သတိပေး ချက်များ၊ ရာသီဥတုခန့်မှန်းချက်များကို သက်ဆိုင်ရာ ဒေသအာဏာပိုင် အုပ်ချုပ်သူများက အစဉ်အမြဲ သတိပြုကာ အန္တရာယ်ရှိနိုင်ခြေ ရှိလာသည်နှင့် တပြိုင်နက် မိမိ အုပ်ချုပ်ရာဒေသတွင် နေထိုင်လျက်ရှိ သူများကို အန္တရာယ် သတိပေးခြင်း၊ ကယ်ဆယ်နေရာ ရွှေ့ပြောင်းစေခြင်းတို့ိသည် ဒေသန္တရအစိုးရ၏ တာဝန်ပင် ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ဒေသန္တရအစိုးရကို ညွှန်ကြားရမည်မှာ ဗဟိုအစိုးရ၏ တာဝန် ဖြစ်သည်။

ယနေ့ထုတ်သတင်းစာတစ်စောင်၏ စာမျက်နှာတစ်ခုတွင် အပေါ်ကသတင်းက စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများတွင် ရေကြီးနေသည့်အကြောင်းဖြစ်ပြီး ယင်းသတင်းနှင့်ဆက်လျက် စာမျက်နှာအောက် ပိုင်းတွင် စစ်ကိုင်းမြို့ တည်ထောင်သည့် နှစ် ၇၀၀ ပြည့် အခမ်းအနားသို့ နိုင်ငံတော် သမ္မတ တက်ရောက်မည့်အကြောင်း သတင်း ဖြစ်သည်။

အမှန်ကယခုလိုအချိန်တွင် နိုင်ငံတော် သမ္မတတစ်ယောက်က အခြားသော ကိစ္စ အားလုံး ထက် ရေကြီးဒေသတွင်နေထိုင်သည့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ရေး အတွက် တတ်စွမ်းသမျှ အာရုံစိုက်နေရမည် ဖြစ်ပေသည်။

ယင်းသို့ ဆောင်ရွက်ခြင်းသည် အစိုးရကောင်း တစ်ရပ်၏ အင်္ဂါရပ် ဖြစ်သည်ဟုလည်း ဆိုနိုင် သည်။ သို့မဟုတ်ပါပဲ အခြားသော အထိမ်းအမှတ်ပွဲများ၊ အခမ်းအနားများသို့ တက်ရောက်နေနိုင်ခြင်း သည် ရေဘေးကြုံတွေ့နေရသည့် ပြည်သူများ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်းတွင် မိမိအသက်၊ နေအိမ်၊ ပိုင်ဆိုင်မှု ဆုံးရှုံးမသွားရအောင် အန္တရာယ်ကို ကျော်ဖြတ်နေရချိန်၊ ကြိုးပမ်းနေရချိန်သည့် အခြေအနေကို လျစ်လျူရှုသည့် သဘောဖြစ်သည်ဟုပင် ဆိုရပေမည်။

အထက်က တင်ပြခဲ့သည်မှာ ယခုအခြေအနေတွင် အုပ်ချုပ်သည့် အစိုးရတစ်ရပ်၏ တာဝန်၊ ဝတ္တရား၊ လုပ်ဆောင်သင့်သည့် လုပ်ဆောင်မှုများကို မီးမောင်းထိုးပြခြင်းဖြစ်ပြီး အစိုးရ မဟုတ်သူ နိုင်ငံရေးသမား များကလည်း အစိုးရတစ်ရပ်အဖြစ် ပြည်သူ၏ ဒုက္ခ၊ အန္တရာယ်ကာကွယ်မှု လုံလုံ လောက်လောက်ရှိမရှိကို စောင့်ကြည့်၍ ထောက်ပြ တိုက်တွန်းရမည့် ဝတ္တရား ရှိပေသည်။

ယင်းသို့မဟုတ်ဘဲ မိမိတို့လက်ဝယ်အုပ်ချုပ်သည့် အာဏာမရှိသဖြင့်ပြည်သူပြည်သားများ၏ အသက်၊အိုးအိမ်၊ စည်းစိမ်တို့ကို ကာကွယ်ပေးနိုင်စွမ်းမရှိဟု နိုင်ငံရေးသမားတစ်ဦးတစ်ယောက်များ ဆင်ခြေပေး မည်ဆိုလျှင် ယင်းနိုင်ငံရေးသမားသည် ပြည်သူအကျိုးကြည့်မည့် နိုင်ငံရေးသမား မဟုတ် ဟုသာ ကောက်ချက်ချရမည်ဖြစ်သည်ဟု မဇ္ဈိမက တိုက်တွန်းရေးသားလိုက်ရပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags