လက်ပံတန်းသပိတ်ဖြိုခွင်းမှုအပေါ် တိုင်ကြားသည့်ကျောင်းသားများကို လူ့အခွင့်အရေးကော်မရှင် ခေါ်ယူမေးမြန်း

လက်ပံတန်းသပိတ်ဖြိုခွင်းမှုအပေါ် တိုင်ကြားသည့်ကျောင်းသားများကို လူ့အခွင့်အရေးကော်မရှင် ခေါ်ယူမေးမြန်း

နေပြည်တော် (မဇ္ဈိမ) ။ ။ လက်ပံတန်းသပိတ်ဖြိုခွင်းခံရမှုအပေါ် တာဝန်ှရှိသူများအား စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန် တိုင်ကြားခဲ့သည့် သပိတ်မှောက် ကျောင်းသားများအား လူ့အခွင့်အရေးကော်မရှင်က ရန်ကုန်ရှိ ကော်မရှင်ရုံးတွင် ဇူလိုင် ၂၇ က ခေါ်ယူတွေ့ဆုံခဲ့သည်။

ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းမှ သပိတ်မှောက်ကျောင်းသားများကို လက်ပံတန်းမြို့တွင် အင်အားသုံး ရိုက်နှက်ဖမ်းဆီးမှုသည် လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးချိုး ဖောက်သည်ဟုဆိုကာ ဖမ်းဆီးရိုက်နှက်ခံရသည့် သပိတ်မှောက်ကျောင်းသား ၁၈ဦးက လူ့အခွင့် အရေးကော်မရှင်ထံ ဇူလိုင် ၈ရက်က တိုင်ကြားပြီးနောက် ယင်းကျောင်းသားများကို ကော်မရှင်က ခေါ်ယူမေးမြန်းခဲ့ခြင်းဖြစ်သည်။

သပိတ်မှောက်ကျောင်းသား ကိုသန့်လွှမ်းဝေချစ်က “တစ်ယောက်ချင်းစီကို သီးသန့်မေးတာဗျ။ သပိတ်ထဲကို ဘာကြောင့် လိုက်တာလဲ။ ဘာကြောင့် ကော်မရှင်ကို တိုင်ရတာလဲ။ လူ့အခွင့်အရေးချိုး ဖောက်ခံရတယ်လို့ ဘာလို့ ပြောရတာလဲဆိုပြီး မေးတယ်” ဟု ကော်မရှင်နှင့်တွေ့ဆုံအပြီး မဇ္ဈိမကို ပြောသည်။

ကျောင်းသားသပိတ်ဖြိုခွင်းမှုတွင် ရဲတပ်ဖွဲ့၏ အင်အားသုံးရိုက်နှက်ဖမ်းဆီးမှုအပေါ် စုံစမ်းစစ်ဆေးကာ အရေးယူပေးရန် ဖမ်းဆီးရိုက်နှက်ခံရသော အခြေခံပညာကျောင်းသား ကိုအောင်မင်းခိုင်အပါအဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၈ဦးက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ကိုသန့်လွှမ်းဝေချစ်က “သူတို့(ကော်မရှင်)ဘက်က အစည်းအဝေးထိုင်ပြီး ပြန်စိစစ်ဦးမယ်။ ပြီးရင် သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်မယ်ပြောတယ်” ဟု ဆိုသည်။

ယင်းကိစ္စအပါ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရးကော်မရှင်မှ ဒုတိယဥက္ကဌ ဦးစစ်မြိုင်နှင့် အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာဉာဏ်ဇော်တို့ကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု ဧရိယာပြင်ပဖြစ်နေပြီး ဆက်သွယ်မှု မရရှိခဲ့ပေ။

လက်ပံတန်းသပိတ်ဖြိုခွင်းမှုသည် လူ့အခွင့်အရေးကို အတိအလင်းချိုးဖောက်ရာရောက်သည်ဟု လူအခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်သည့် Equality Myanmar မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက အကြိမ်ကြိမ် ပြောဆိုထားသည်။

မတ်လ ၁၀ရက် ကျောင်းသားသပိတ်အား လက်ပံတန်းတွင် ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုအပေါ် ကိုယ်တိုင်ရိုက်နှက်ခံရသည့် ကိုသန့်လွှမ်းဝေချစ်က “ကျွန်တော်တို့ကို အချုပ်ကားပေါ်မတင်ခင် ပုံစံထိုင်ခိုင်းတယ်ဗျာ။ နောက် ကားပေါ်တက်ခိုင်းတဲ့အချိန်မှာ အဲ့ကောင် သပိတ်ကိုင်တဲ့ကောင်၊ အဲ့ကောင်ကိုရိုက်ရိုက်ဆိုပြီး ကျွန်တော့ကို ရိုက်ခဲ့တာဗျ” ဟု ၎င်း၏ အတွေ့အကြုံကို ပြန်ရှင်းပြသည်။

လက်ပံတန်းသပိတ်ဖြိုခွင်းမှုအပေါ် လူ့အခွင့်ရေးကော်မရှင်သို့ တိုင်ကြားမှုအပြင် နိုင်ငံသား ကာကွယ်စောင့် ရှောက်ရေးဥပဒေအရ တရားစွဲဆိုရန် စီစဉ်နေသည်ဟုလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်နေပိုင်က ပြောသည်။ သို့သော် တရားစွဆိုမည့် အချိန်နှင့် တရားစွဲဆိုလိုသူကို အတိအကျပြောဆိုခဲ့ခြင်း မရှိပေ။

ပဲခူးတိုင်း အနောက်ခြမ်း၊ လက်ပံတန်းမြို့တွင် ဒီမိုကရေစီရေးကို တောင်းဆိုဆန္ဒပြသည့် သပိတ်မှောက် ကျောင်းသား၊ ကျောင်းသူများကို မတ်လ ၁၀ ရက်တွင် လုံထိန်းရဲများက နံပါတ် တုတ်များဖြင့် ရိုက်နှက်ဖမ်းဆီး ပြီး ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံ ကျောင်းသားအချို့ကိုသာ အာဏာပိုင်များက ပြန်လွှတ်ပေးခဲ့ပြီး ကျောင်းသားများနှင့် ဝန်းရံ ပြည်သူစုစုပေါင်း ၇၀ ခန့်မှာ သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရဆဲဖြစ်ကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ အပါအဝင် ပုဒ်မ(၅) ခုဖြင့် အာဏာပိုင်များက တရားစွဲ ဆိုထားသည်။ အချို့ကိုမူ အာမခံများဖြင့် ပြန်လွှတ်ပေးထားသည်။

အဆိုပါ ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေးအတွက် ရန်ကုန်မြို့၊ လှည်းတန်းတွင် ဆန္ဒပြခဲ့သည့် ကျောင်းသူတစ်ဦးဖြစ်သူ မပိုပိုကိုလည်း အာဏာပိုင်များက ဖမ်းဆီးကာ ပုဒ်မ(၄) ခု တပ်ပြီး တရားစွဲဆိုထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly