လိပ်ကျွန်း သေဒဏ်အမိန့်အပေါ် အမြင့်ဆုံုးအယူခံ ဆက်တက်ရန်အတွက် အချိန် တစ်လ တောင်းဆုုိမည်

လိပ်ကျွန်း သေဒဏ်အမိန့်အပေါ် အမြင့်ဆုံုးအယူခံ ဆက်တက်ရန်အတွက် အချိန် တစ်လ တောင်းဆုုိမည်
ဓာတ်ပုံ-EPA

မတ်လ ၁၁ ရက်၊ ချင်းမိုင်(မဇ္စျိမ)။                  ။ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုဖြင့် သေဒဏ်ကျ မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ အမှု အမြင့်ဆုံး အယူခံတက်ရောက် အချိန်တစ်လ တောင်းဆိုသွားမည် ဖြစ်သည်။

သူတို့နှစ်ဦး အယူခံကို ခရိုင်တရားရုံးက ပယ်ချခဲ့ပြီး သေဒဏ်အဖြစ် ထပ်မံ အတည်ပြုခဲ့သဖြင့် အမြင့်ဆုံး အယူခံတရားရုံးသို့ ထပ်မံလျှောက်လဲရန် မကြာမီ ရက်ပိုင်းအတွင်း တစ်လအချိန်ပေးရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအထူးစုံစမ်းရေးကော်မတီမှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

မတ်လ ၂၄ ရက်နေ့တွင် အယူခံကို တင်ရမည် ဖြစ်သော်လည်း မူလ အယူခံတက်သည့် အကြောင်းအရာများထက် ပိုမိုကောင်းသည့်အချက်များ ပါဝင်ရန် အချိန် တစ်လ ထပ်မံ တောင်းဆိုသွားမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။

“အမှန်ကတော့ အယူခံ တစ်လပေးထားတယ်။ သို့သော် ပြင်ဆင်ချိန်နဲ့ဆိုတော့ အန်ကယ်တို့ဘက်က အကြောင်းပြ ချက်ခိုင်လုံစွာနဲ့ပဲ တစ်လထပ်တိုးဖို့ စီစဉ်ထားပါတယ်။ အကြမ်းဖျဉ်း ပြောရရင်တော့ သုံးလလောက်မှ လုံလောက်မဲ့သဘော ရှိပါတယ်။ ဒါကြောင့်မလို့ အဲဒီအတွက် တရားရုံးကို တောင်းဖို့ စီစဉ်ထားပါတယ်”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အဓိကတော့ အခုပထမအယူခံရုံးမှာ မူလရုံးအမိန့်ဖြစ်တဲ့ သေဒဏ်ကိုပဲ ဖြစ်တဲ့အခါမှာ နောက်ဆုံး အမြင့်ဆုံး အယူခံတက်တဲ့ အခါမှာ မူလအချက်တွေထက် ပိုပြီးတော့ ကောင်းတဲ့အချက်တွေ၊ အသစ်သစ်သောအချက်တွေ ပါအောင် အမှုတွဲ စာမျက်နှာ ၄၀၀၀ ကျော်ကနေ ပြန်ပြီးတော့ ရွေးထုတ်ရမဲ့ အနေအထားမှာ ရှိပါတယ်”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

အမှန်တရားပေါ်ပေါက်ရန်အတွက် ထိုင်းတရားရုံးနေဖြင့် မြန်မာနိုင်ငံသားနှစ်ဦး၏ အယူခံ ပြင်ဆင်ရန်အတွက် အချိန်ပေးလိမ့်မည်ဟု မျော်လင့်ကြောင်း သူက ပြောသည်။

မတ်လ ၈ ရက်နေ့က ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ အကျဉ်းကျနေသော ထောင်သို့ မြန်မာသံမှူးသစ် ဦးအောင်ကျော်သူရ ဦးဆောင်သော အဖွဲ့တို့ သွားရောက်တွေ့ဆုံကာ အယူခံ ဆက်လက် ဝင်ရန်နှင့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကလည်း ၄င်းတို့အား ကြည့်ရှုစောင့်ရှောက်ပေးရန် ပြောဆိုခဲ့သည်ဟု ထောင်ဝင်စာသွားတွေ့သူများထံမှ သိရကြောင်း ဦးအောင်မျိုးသန့်က ပြောသည်။

“နိုင်ငံတော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြးချက်အရ ဆက်ပြီး အယူခံဝင်မဲ့အကြောင်း သွားအကြောင်းကြားတယ်။ ပြီးတော့ နိုင်ငံတော်ဘက်က ဥပဒေအရရှိတွေနဲ့ တွေ့ဖို့ရှိတယ်။ သူတို့ နှစ်ယောက်က ကျန်းမာရေးကောင်းတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ သူတို့ ကျူးလွန်တာ မရှိဘူး။ ဒါကြောင့်မလို့ မီဒီယာတွေနဲ့ မြန်မာနိုင်ငံသားတွေ အားလုံး သူတို့ကို မျက်ခြေမပြတ် ကြည့်ရှုစောင့်ရှောက်ပေးဖို့ ပြောတယ်ဆိုပြီး ဒါတွေပြောတယ်ဆိုပြီး ပြောပြပါတယ်”ဟု သူက ပြောသည်။

၄င်းတို့ အယူခံတက်နိုင်ရေးအတွက် ကော်မတီအသစ် တစ်ရပ်ဖွဲစည်းရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သော်လည်း နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ညွန်ကြားချက် စောင့်ဆိုင်းနေသည်ဟု သူက ပြောသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသး ဟန်နား ဝစ်သာရစ်နှင့် ဒေးဗစ်မေလာတို့ လိပ်ကျွန်းတွင် အသတ်ခံခဲ့ရပြီး ကိုဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က တရားလို ပြုလုပ်၍ လူသတ်မှု အပါအယင် ပုဒ်မ ၅ ုခုဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် အမိန့်ချမှတ်ခဲ့သည်။

သေဒဏ်ချမှတ်မှုအပေါ် တရားခံများ၏ ရှေ့နေများကို အယူခံ ဝင်ခဲ့မှုအပေါ် မေလ ၁ ရက်က ခရိုင်တရားရုံးက အယူခံကို ပယ်ချကာ သေဒဏ်ဖြင့် ထပ်မံ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly