မန္တလေး - မူဆယ် ကုန်တင်ယာဉ် အချို့ ပြေးဆွဲမှု ရပ်နားထား

မန္တလေး - မူဆယ် ကုန်တင်ယာဉ် အချို့ ပြေးဆွဲမှု ရပ်နားထား

မန္တလေး (မဇ္ဈိမ) ။ ။ ကုန်စည်ရှားပါးလာခြင်းနှင့် ရာသီဥတုအခြေအနေများကြောင့် မန္တလေးနှင့် မူဆယ်ပြေးဆွဲနေသော ကုန်တင်ယာဉ်အချို့  ဇူလိုင် ၂၇ ရက်မှ စတင်၍ ပြေးဆွဲမှုများ ယာယီရပ်ဆိုင်းလိုက်သည်ဟု မန္တလေး မူဆယ်ကုန်တင်ယာဉ်အသင်း ဥက္ကဌ ဦးဝင်းအောင်ခန့်က မဇ္ဈိမကိုပြောသည်။

ဦးဝင်းအောင်ခန့် က “တချို့ဆိုရင် ၂၀ ရက်လောက်ကတည်းက ရပ်ထားကြတယ်။ ကုန်စည်က လည်းမရှိဘူး။ ကုန်တင်ခတွေကလည်း မကိုက်ကြတော့ဘူး။ ပြီးတော့ ရာသီဥတုအ ခြေအနေက လည်းမကောင်းဘူး။ ဒါကြောင့်ရပ်ထားကြတာပါ။" ဟု ပြောသည်။

မူဆယ်၊ မန္တလေးပြေးဆွဲနေသော ကုန်တင်ယာဉ် အစီးရေ ၄၀၀ ကျော်ရှိပြီး ထိုအထဲမှ သုံးပုံ နှစ်ပုံခန့် ရပ်နား သွားမည်ဖြစ်သည်။

တရုတ်ငွေဈေးမြင့်တက်လာခြင်းကြောင့် နှစ်ဖက်ကုန်သည်ကြီးများအနေဖြင့် ကုန်ရောင်း ကုန်ဝယ် မပြုလုပ်ကြတော့ သောကြောင့် ကုန်စည်ရှားပါးလာခြင်း ဖြစ်ကာ ကုန်တင်ခများမှာလည်း ဈေးထိုးကျ နေခြင်းကြောင့် ကုန်တင်ယာဉ်များအနေဖြင့် တွက်ခြေမကိုက်၍ ရပ်နား နေကြခြင်း ဖြစ်သည်ဟု မူဆယ်၊မန္တလေးပြေးဆွဲနေသော ကုန်တင်ယာဉ်ပိုင်ရှင် စိုင်းပေါ်ထွန်းကပြောသည်။

၎င်းးက “ ကုန်စည်နည်းတော့ လက်ရှိ ကုန်တင်ခ ပေါက်ဈေးနဲ့လည်း ကျွန်တော်တို့ အလုပ်မဖြစ် တော့ဘူးလေ။ ဒါကြောင့် ကားကိုရပ်ထား လိုက်တယ်။ ရှိတဲ့ ကုန်လေးနဲ့ ပြေးဖို့ဆိုပြန်တော့လည်း ရာသီဥတုက မကောင်းဘူး။ လမ်းမှာတစ်ခုခုဖြစ်လိုက်ရင် အဖတ်ကိုဆည်လို့ရမှာ မဟုတ်တော့ဘူး။ ဒါကြောင့်အတော်များများက ရပ်ဖို့ဆုံးဖြတ်ခဲ့ကြတာပဲ။"ဟု ပြောသည်။

 မန္တလေး- မူဆယ်ကုန်ခ မှာ ကုန်ကျစ် တစ်ပိသာ ၅၀ ကျပ်၊ ကုန်ပွ တစ်ပိသာ ၅၂ ကျပ် ရရှိသောကြောင့် ကုန်စည်နည်းသည့်အခါတွင် ဈေးပိုရမှသာလျှင် အဝေးပြေး ကုန်တင်မော်တော် ယာဉ် များ ပြေးဆွဲနိုင်မည်ဖြစ်သည်ဟု ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များက ဆိုသည်။

ဇော်မြန်မာ ကုန်စည် အဝယ်တော် ကိုခင်မောင်မြင့်က “ကုန်မရှိတော့ ကားသမားတွေအနေနဲ့က  မကိုက်တော့ဘူး။ သူတို့တင် အဆင်မပြေတာမဟုတ်ဘူး။ ကျွန်တော်တို့ ကုန်သည် အဝယ်တော်တွေ အနေနဲ့လည်း အဆင်မပြေတော့ဘူးပေ" ဟုပြောသည်။
 
တရုတ်ငွေဈေးမြင့်တက်မှုကြောင့် ကုန်စည်များများ မရတော့၍ ယာဉ်ပိုင်ရှင်များ အနေဖြင့်လည်း တွက်ခြေမကိုက်တော့ဟု မူဆယ်အဝေးပြေးကုန်တင်ယာဉ်များအသင်း အတွင်းရေးမှူး ဦးနှင်းလှိုင်ကလည်း ဆိုသည်။  

ရှမ်းမင်းသား အဝေးပြေးကုန်တင်ယာဉ်မောင်း ဦးခင်မောင်တင့်က “ယာဉ်ပိုင်ရှင်က မကိုက်လို့နားမှတော့ ကျွန်တော်တို့လည်း နားရတာပေါ့။ ကျွန်တော်တို့က ကားထွက်မှ ငွေရမှာလေ။"ဟ ုပြောသည်။

 အဆိုပါရပ်နားထားမည့်ကားများအနေဖြင့် တရုတ်ငွေဈေးကျပြီး ကုန်စည်များပေါလာမှသာ ပြန်လည်ပြေးဆွဲ သွားကြမည်ဟု ယာဉ်ပိုင်ရှင်အချို့ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly