တကယ်ပျော်ရွှင်တဲ့အချိန်က အမေချက်တဲ့ မြန်မာအစားအသောက်ကို စားရတဲ့အချိန်ပေါ့

တကယ်ပျော်ရွှင်တဲ့အချိန်က အမေချက်တဲ့ မြန်မာအစားအသောက်ကို စားရတဲ့အချိန်ပေါ့
 

Forbes Asia Top 30 စာရင်းဝင် မြန်မာနိုင်ငံသား ကမ္ဘာ့အကောင်းဆုံး လက်ဘက်ရည်ဆိုင်ပိုင်ရှင် ကိုထက်မြတ်ဦးနှင့် တွေ့ဆုံခြင်း အပိုင်း (၁)

Mizzima TV ကိုကြည့်ရှု့နေကြတဲ့ ပရိတ်သတ်များ အားလုံး မင်္ဂလာပါခင်ဗျာ။

ကျွန်တော်တို့ လူရယ်လို့ဖြစ်လာပြီဆိုရင် အောင်မြင်မှုကို လိုချင်ကြပါတယ်။ အောင်မြင်မှုကိုရဖို့ အတွက်လည်း ကြိုးစားကြပါတယ်။ ဒါပေမယ့် တစ်ချို့တွေကတော့ အောင်မြင်မှုကိုမရခင်မှာဘဲ စိတ်ဓါတ်ကျစရာတွေ၊ အတိုက်အခိုက်တွေနဲ့ ကြံုတွေ့ပြီးတော့ ရှံုးနိမ့်သွားတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် အဲဒီလိုမျိုး စိတ်ဓါတ်ကျစရာ အတိုက်အခိုက်၊ အခက်အခဲတွေ ကြားထဲကနေပြီးတော့ မဆုတ်မနစ်ကြိုးစားအားထုတ်ပြီး အောင်မြင်လာတဲ့ လူငယ်တွေအများကြီးရှိပါတယ်။ ကျွန်တော်က အဲဒီလိုအောင်မြင်နေတဲ့ လူငယ်တွေထဲက တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ ၂၀၁၆ ခုနှစ် Forbes Asia မဂ္ဂဇင်းမှာ အသက် ၃၀ အောက် အထူးချွန်ဆုံးလူငယ်စာရင်းထဲမှာ မြန်မာနိုင်ငံက ရှစ်ယောက်ပါတဲ့အထဲက တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ ပြီးတော့ ရန်ကုန်မြို့မှာ နာမည်ကြီးသလို ကမ္ဘာ့အကောင်းဆုံး လက်ဘက်ရည်ဆိုင်တွေထဲက တစ်ဆိုင်လို့ အသိအမှတ်ပြုခံထားရတဲ့ Rangoon Tea House ရဲ့ ပူးပေါင်းတည်ထောင်သူ ကိုထက်မြက်ဦး ဖြစ်ပါတယ်။ ကျွန်တော်က ကိုထက်မြတ်ဦးနဲ့တွေ့ဆုံပြီး သူငယ်ငယ်တုန်းက ကြီးပြင်းခဲ့ရတဲ့ပုံစံတွေ သူတွေ့ကြံုခဲ့ရတဲ့ အခက်အခဲတွေနဲ့ ဒီလိုအောင်မြင်အောင် ဘယ်လိုမျိုးလျောက်လှမ်းခဲ့ရတယ်ဆိုတာကို တွေ့ဆုံမေးမြန်းပေးသွားမှာဖြစ်ပါတယ်။

မေး -  မင်္ဂလာပါ။ ပထမဆုံး မေးခွန်းအနေနဲ့ အစ်ကို ငယ်ငယ်တည်းက ဖြစ်ချင်တဲ့ အိပ်မက် ရည်မှန်းချက် ပန်းတိုင်ဆိုရင် ဘာဖြစ်မလဲဗျ။

ဖြေ - ကျွန်တော်က ရန်ကုန်မှာမွေးတာ၊ ဒါပေမယ့် အင်္ဂလန်ကို ကျွန်တော်လေးနှစ်သားကတည်းက ထွက်သွားတာ ။ ကျွန်တော့်အဖေနဲ့အမေ နှစ်ယောက်စလုံးကဆရာဝန်တွေ။ အဲဒီတော့ ကျွန်တော် ငယ်ငယ်တုန်းက ဘယ်လိုလဲဆိုတော့ ကျွန်တော်နဲ့ ကျွန်တော့်ညီက ငယ်သေးတယ်။ နှစ်နှစ်နဲ့ လေးနှစ်ပဲ ရှိသေးတယ်။ အဲဒီတော့ အမေက ပထမလေးငါးနှစ်အတွက် အင်္ဂလန်မှာ အလုပ်လုပ်လို့မရဘူး။ ကျွန်တော်တို့ကိုပဲ ထိန်းနေရတယ်။ ဒါပေမယ့် သူကလည်း အမှန်တကယ်ပြောရရင် မိဘနှစ်ယောက်စလုံးက မြန်မာပြည်ကနေ မထွက်သွားချင်ဘူးပေါ့။ ဒါပေမယ့် အဲဒီတုန်းက နိုင်ငံရေးလည်း အဆင်မပြေဘူး။ ပြီးတော့ သားနှစ်ယောက်ကလည်း ငယ်တဲ့အတွက်ကြောင့် အင်္ဂလန်သွားလို့ရတဲ့ အခွင့်အရေးကပေါ်လာတော့ သူတို့လည်း ထွက်သွားလိုက်တာပေါ့။ ဒါပေမယ့် အမေကကြတော့ အမြဲတမ်း မြန်မာပြည်ကိုသတိရတော့ အမြဲတမ်း မြန်မာအစားအသောက်တွေကိုပဲ အိမ်မှာချက်တယ်။ နန်းကြီးသုပ်၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ကျွန်တော်တို့က နေ့တိုင်းနီးပါးစားရတယ်။ အဲဒီတော့ ကျွန်တော် ငယ်ငယ်လေးတည်းက ကျွန်တော့်ရဲ့ First Love ပေ့ါ။ အရင်ဆုံး ကျွန်တော့်ဘဝမှာ ငယ်ငယ်လေးကတည်းက တကယ်ပျော်ရွှင်တဲ့အချိန်က အမေဟင်းချက်ပြီးတော့ ဒီ မြန်မာအစားအသောက်ကို စားရတဲ့အချိန်ပေါ့။ အဲဒီတော့ ကျွန်တော်ငယ်ငယ်လေးကတည်းက စားသောက်ဆိုင်ဖွင့်ချင်တာတော့မဟုတ်ဘူး။ ဒါပေမယ့် ငယ်ငယ်လေးကတည်းက ကျွန်တော် တစ်ရက်ရက် မြန်မာပြည် ပြန်လာပြီးတော့ တစ်ခုခုလုပ်မယ်ပေါ့။ ကျွန်တော်လည်း တစ်ခု ကောင်းသွားတာဘာလဲဆိုတော့ အဲဒီအချိန်တွေမှာ မြန်မာပြည်က တိုးလည်းမတိုးတက်နေဘူး။ ပြီးရင် နိုင်ငံရေး ပြဿနာတွေအများကြီးရှိနေတဲ့ အချိန်မှာ အမေနဲ့အဖေက မြန်မာပြည်အကြောင်း မကောင်းမပြောသလောက်ဘဲ။ သူတို့ပြောလိုက်ရင် ငယ်ငယ်တုန်းက လားရှိုးမှာ နေရတာအရမ်းပျော်တယ်။ ရန်ကုန်မှာနေရတာ အရမ်းပျော်တယ်။ အဲဒီတော့ ကျွန်တော့်စိတ်ထဲမှာ လေးနှစ်သားကနေ အသက် နှစ်ဆယ်၊ နှစ်ဆယ့်တစ်လောက်အထိကို တစ်ရက်ရက်တော့ မြန်မာပြည်ပြန်မယ်ပေါ့။ အဲဒီလိုမျိုးစိတ်ထဲမှာ ရည်မှန်းချက်က အမြဲရှိတာပေါ့။

မေး - နောက်မေးခွန်းတစ်ခုကတော့ အစ်ကို ငယ်ငယ်လေးတည်းက ဝါသနာပါတဲ့အရာတွေကရော ဘာတွေလဲ။ အဲဒီဝါသနာတွေအတွက်ရော ဘယ်လိုမျိုးအချိန်ပေးခဲ့လဲ။

ဖြေ - ကျွန်တော်က ဒီလို အစားအသောက်ပိုင်းကို အရမ်းဝါသနာပါတယ်။ အဲဒီတော့ ဝါသနာပါတယ်ဆိုတာလည်း ကျွန်တော်တို့ မုန့်ဟင်းခါးတစ်ပွဲ၊ အုန်းနို့ခေါက်ဆွဲတစ်ပွဲကို ကြည့်လိုက်လို့ရှိရင် ကိုယ်ရတဲ့အနံ့နဲ့ ပါးစပ်ထဲမှာရတဲ့ အရသာကိုတောင် မခံစားခင် အဲဒီမုန့်ဟင်းခါးတစ်ပွဲတွေ့လိုက်တာနဲ့ ကိုယ်တစ်ဘဝလုံးမှာ ငယ်ငယ်လေးထဲက ရခဲ့ဖူးတဲ့ ခံစားချက်တွေက ပြန်လာတာပေါ့။ ငယ်ငယ်တည်းက မုန့်ဟင်းခါးမကြိုက်တဲ့သူက ကြီးလာလည်း ကြိုက်ချင်မှကြိုက်မှာ။ ဒါပေမယ့် ငယ်ငယ်လေးကတည်းက ကိုယ့်အမေက မုန့်ဟင်းခါးချက်ခဲ့တယ်။ အဖိုးအဖွားနဲ့ နေ့တိုင်းထိုင်စားတယ်ဆိုတော့ အဲဒီလိုခံစားခဲ့ရတယ်ဆိုရင် ကြီးလာရင်လည်း မုန့်ဟင်းခါးတစ်ပွဲကို တွေ့လိုက်တာနဲ့ ဒီခံစားချက်က ပြန်ရောက်လာတယ်ပေါ့။ ကျွန်တော်က အစားသောက်နဲ့ ကိုယ့်ရဲ့ Memory တွေနဲ့ ဘယ်လိုတွဲလဲဆိုတာကို အရမ်းစိတ်ဝင်စားတယ်။ ပြီးတော့ လန်ဒန်မှာ ကျောင်းတက်တုန်းကဆိုရင် လန်ဒန်က စားသောက်ဆိုင်တွေရော စားဖိုမှူးတွေရောက ကမ္ဘာမှာ နာမည်အကြီးဆုံး အကောင်းဆုံးဖြစ်သွားပြီဆိုတော့ ကျွန်တော်လည်း တစ်ပိုင်းကကြတော့ အရမ်းပျော်တယ်။ ဒါပေမယ့် တစ်ပိုင်းက နည်းနည်းလေးလည်း ဝမ်းနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာအစားအသောက်ဆိုရင် ကြားတောင်မကြားဖူးဘူး။ မုန့်ဟင်းခါး၊ လက်ဖက်သုပ် ကြားတောင်မကြားဖူးဘူး။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာက မြန်မာအစားအသောက်က သူများအစားအစာတွေလိုလည်း ကောင်းတယ်။ အစားအစာ တော်တော်များများထက်လည်း သာတယ်။ ကျွန်တော်လည်း တစ်ရက်ရက် မြန်မာ Food ကို တစ်ကမ္ဘာလုံးကို မြို့အကြီးကြီးတွေမှာ သွားဖွင့်လို့ရရင် ကောင်းမှာပဲလို့၊ တစ်ခြားတိုင်းပြည်ကလူတွေကို မိတ်ဆက်ပေးလို့ရရင်ပေါ့။

မေး - နောက်တစ်ခုအနေနဲ့ကျတော့ အစ်ကိုက နိုင်ငံခြားမှာ နေလာတာလဲ ကြာခဲ့တဲ့ဆိုတော့ နိုင်ငံခြားက လူငယ်တစ်ယောက်ရဲ့ နေထိုင်မှုပုံစံနဲ့ မြန်မာနိုင်ငံက လူငယ်တစ်ယောက်ရဲ့ နေထိုင်မှုပုံစံ ဘယ်လိုကွာခြားလဲဆိုတာ သိချင်ပါတယ်ဗျ။

ဖြေ - အဓိက နံပါတ်တစ် ဘာကွာခြားလဲဆိုတော့ Independent ဘယ်လောက်ဖြစ်လဲဆိုတာပဲ။ အဲဒီတော့ ကျွန်တော်က အသက် ၁၁ နှစ် ၁၂ နှစ်လောက်ကတည်းက မြို့ထဲကို ကိုယ့်ဘာသာလျှောက်သွားနေပြီ။ ၁၅ နှစ်လောက်ထဲက အလုပ်ထွက်လုပ်နေပြီ။ ၁၇၊၁၈ တည်းက တစ်ယောက်တည်းထွက်နေတယ်။ အဲ့တော့ ကျွန်တော် ၁၈နှစ်တည်းက အမေ အဖေနဲ့ အတူတူ မနေဖူးဘူးပေါ့။ ပြီးရင် ကျွန်တော် ကိုယ်ကိုယ်တိုင် ဖုန်းဘေလ်တွေဆောင်တယ်။ ဘေလ်တွေရှင်းတယ်။ အပြင်တွေမှာထွက်စားရင် ကိုယ်စုထားတဲ့ ငွေတွေနဲ့ ထွက်စားတယ်ပေါ့။ ကျွန်တော့်သူငယ်ချင်းတွေ တော်တော်များများက အသက် ၁၈ နှစ်မှာ အိမ်မှာနေမယ်ဆိုရင် အမေနဲ့အဖေက လစာတောင်းတယ်။ အဲဒီတော့ Independent ဖြစ်တာပေါ့။ ဒီမှာကတော့ Independent  က နည်းတယ်။ နည်းတယ်ဆိုတာ လူငယ်တွေရဲ့ အပြစ်လည်းမဟုတ်ဘူးပေါ့။ မိဘတွေရဲ့ အပြစ်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဒီက Culture အရပေါ့၊ အာရှတစ်ခုလုံးက Culture က အဲ့လိုမျိုးပေါ့။ ကိုယ်က Independent ဖြစ်ဖို့ အမြဲ Push လုပ်နေရမယ်။

မေး - အစ်ကို့အနေနဲ့ နိုင်ငံခြားမှာ ပညာသင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ကရော ဘယ်လိုမျိုးတွေ ပြောင်းလဲဖို့လိုမယ်ထင်လဲ။

ဖြေ - ဒီက Education စနစ်က စာအုပ်ထဲကသင်တဲ့ Education ကလည်း အရေးကြီးတယ်။ ဒါပေမယ့် ဒုတိယပိုင်း Social Education လည်းရှိသေးတယ်။ ကလေးတွေကို တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆက်ဆံရမလဲ၊ ပြီးရင် တစ်ယောက်ယောက်က ကိုယ့်ထက်ပိုတော်တဲ့အတိုင်း အားမငယ်ဖို့ပေါ့။ ဒီတစ်ယောက်က ပထဝီ၊ သချင်္ာ ကိုယ့်ထက်ပိုတော်ရင် အော် သူ့ဘဝမှာ သူက အရမ်းကြီး ကြီးပွားသွားပြီး ငါက ကျန်ခဲ့မှာ အဲဒီလိုမျိုးစိတ်ဓာတ်ကလည်း မရှိသင့်ဘူး။ ဒါပေမယ့် ဒီမှာက အဲဒီလိုအရမ်းရှိတယ်။ ကျွန်တော်က Confidence ကို တက်လာအောင်ပေါ့ ကလေးတွေကို။

မေး - Rangoon Tea House ကိုမဖွင့်ခင် အစ်ကို့အနေနဲ့ Yangon Heritage Trust မှာ Public Relations Officer ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီမှာ တာဝန်ထမ်းဆောင်ဖြစ်ခဲ့ပုံနဲ့ ကိုယ့်အတွက် ဘာတွေရတယ် ဆိုတာသိချင်ပါတယ်ခင်ဗျ။

ဖြေ - ကျွန်တော်ရန်ကုန်ရောက်ခါစတုန်းက ဒီမှာအမျိုးတွေကလည်း သိပ်မရှိဘူး။ အဖိုးအဖွားပဲရှိတယ်။ ကျွန်တော့် အဖေနဲ့ အမေရော ညီရော အင်္ဂလန်မှာပဲဆိုတော့ သူငယ်ချင်းတွေလည်း သိပ်မရှိဘူး။ ကျွန်တော်ရောက်ရောက်ခြင်းမှာ ဘာလုပ်လဲဆိုတော့ ဒီကကုမ္ပဏီတွေ အကုန်လုံးကို E-mail တွေရေးတာပေါ့။ ကျွန်တော်ခုမှ အင်္ဂလန်က ပြန်ရောက်လာတာ အလုပ်လိုချင်တယ်ပေါ့။ အဲ့ဒီတုန်းက ကုမ္ပဏီတွေလည်း သိပ်မရှိပါဘူး။ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်တော် ကိုသန့်မြင့်ဦးကို E-mail ရေးလိုက်တော့ အမှန်တကယ် အဲဒီတုန်းက သူတစ်ယောက်တည်းပဲ ကျွန်တော့်ကို ပြန်တာ။ သူအခု Yangon Heritage Trust ထောင်နေတယ်ပေါ့။ သူလည်း အကူအညီလိုနေတယ်။ ကျွန်တော့်အတွက်လည်း အကျိုးရှိမယ်ထင်တယ်ဆိုပြီး ကျွန်တော်ရန်ကုန်ပြန်ရောက်လာပြီး လေးပတ်လောက်အကြာမှာ ကျွန်တော် ကိုသန့်မြင့်ဦးနဲ့ အလုပ်စလုပ်တယ်။ အဲဒီမှာ အများကြီးအကျိုးရှိတယ်။ ကိုသန့်မြင့်ဦးက အရမ်းတော်တာ။ ကျွန်တော့်အတွက်လည်း ဆရာလိုဖြစ်သွားတာပေါ့။ ကျွန်တော့်ဘဝမှာလည်း အထင်ကြီးခဲ့တဲ့သူဆိုတာ သိပ်မရှိသလောက်ဘဲ၊ အမေနဲ့အဖေ အဖိုးနဲ့အဖွားလောက်ပဲရှိတာ။ ပြီးရင် ကျွန်တော် ကျောင်းတက်တုန်းကလည်း ဆရာတွေကို သိပ်လေးစားခဲ့တဲ့သူမရှိဘူး။ သူနဲ့တွေ့တဲ့အချိန်မှာ သူက နှစ်ပိုင်းပေါ့လေ၊ ပညာကတစ်ပိုင်း ဒါပေမယ့် ပညာဆိုတာက လူတိုင်း ကျောင်းကောင်းကောင်းတက်နိုင်ရင် ပညာကရတာပဲ။ ဒါပေမယ့် လူတစ်ယောက်ကို ဘယ်လိုဆက်ဆံရလဲ၊ ပြီးရင် ဒီလူတွေနဲ့ ဘယ်လိုပေါင်းရလဲ၊ ဒီလူတွေကို စကားဘယ်လို ပြောရလဲ၊ ပြီးရင် ကိုယ့်ပညာကို ဘယ်လိုအသုံးချရလဲဆိုတာ သူ့ဆီကနေ တကယ် ကျွန်တော် သင်ယူခဲ့ရတာပေါ့။ ပြီးရင် အဲဒီမှာ Public Relation Officer ဆိုတာ ကျွန်တော့်အလုပ်ရဲ့ Title ပေါ့လေ။ ဒါပေမယ့် အဲဒီအချိန်မှာကျတော့ Heritage Trust ရဲ့အစပဲ ရှိသေးတယ်ဆိုတော့ အကုန်လုံးက Everything ကို ပေါင်းလုပ်ရတယ်။ ပြီးရင် အဲဒီအချိန်မှာ ကျွန်တော်တော်တော်လေး ပျော်တာပေါ့လေ။ ကျွန်တော် ဘာမှလည်းမသိသေးဘူး။ အဲဒီအချိန်မှာ အသက် ၂၂ နှစ်ပဲ ရှိသေးတယ်ဆိုတော့ လူကလည်း တော်တော်လေးကို အမြင်က နည်းနည်းလေးကျဉ်းသေးတာပေါ့။ အမြင်လည်း ကျဉ်းတယ် ပြီးရင် အဲဒီအချိန်မှာ ရန်ကုန်အကြောင်းလည်း ဘာမှမသိသေးဘူး။ အဲဒီအချိန်မှာ ကျွန်တော် စည်ပင်ရုံးတွေသွားရတယ်။ ပြီးရင် မြို့တော်ခန်းမ နေ့တိုင်းနီးပါးသွားရတယ်။ ပြီးရင်ကျွန်တော်တို့ အစိုးရက လူတွေနဲ့လည်း နည်းနည်းလေး စပြီးတော့ စကားစပြောရတာဆိုတော့ အတွေ့အကြံုအများကြီးရတာပေါ့။

မေး - Rangoon Tea House ဆိုရင် CNN သတင်းဌာနက ကမ္ဘာ့အကောင်းဆုံး လက်ဖက်ရည်ဆိုင် တစ်ဆိုင်အဖြစ်လည်း သတ်မှတ်ခြင်းခံရတယ်။ နောက်ပြီး မကြာသေးခင်က Myanmore ကလုပ်တဲ့ Best Casual Dining Experience Award 2017 ကိုလည်း ဆွတ်ခူး ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီအတွက် ဘယ်လိုမျိုးတွေ အစ်ကိုတို့အနေနဲ့ ကြိုးစားခဲ့ရတယ်ဆိုတာ သိချင်ပါတယ်ဗျ။

ဖြေ - အမှန်တကယ်ပြောရရင် အများကြီးတော့ မပြင်ဆင်လိုက်ရဘူး။ ဒါပေမယ့် ကျွန်တော်တစ်ခုပြောချင်တာက ဘာလဲဆိုတော့ ကျွန်တော်ပြီးခဲ့တဲ့လတုန်းကဆိုရင် ခရီးထွက်တာ နိုင်ငံခြားသွားတဲ့အခါ ဘာကိုလန့်သွားလဲဆိုတော့ သတင်းစာတစ်ခုကို ဖတ်လိုက်ရတဲ့အချိန်မှာ မြန်မာပြည်အကြောင်း သတင်းပါလာရင် မကောင်းတဲ့သတင်းပဲ၊ ရခိုင်ပြည်နယ်ကသတင်းတို့ နောက်လတ်တလောဆိုလို့ရှိရင် ဦးကိုနီသတင်းတို့ ဘာတို့ပါလာရင် နည်းနည်းလေး ဝမ်းနည်းဖို့ ကောင်းတာပေါ့။ ဒါပေမယ့် တစ်ခုကောင်းတာဘာလဲဆိုရင် CNN တို့ဘာတို့မှာပါတော့ ရန်ကုန် မြန်မာပါတယ်။ Rangoon Tea House ကို မေ့လိုက်၊ ရန်ကုန် မြန်မာပါတယ်။ အဲဒီတော့ အဲဒီအချိန်မှာ လူတစ်ယောက်က ဟုတ်ပြီ။ ဒီဘက်မှာ မကောင်းတဲ့သတင်းပါတယ် ဒါပေမယ့် ကောင်းတဲ့သတင်းလည်းပါတော့ မြန်မာပြည်ကဘာမှမဟုတ်ပါဘူး။ ငါအဲဒီကိုဘယ်တော့မှမသွားတော့ဘူး ဆိုတဲ့ စိတ်ဓါတ်မျိုး လူတွေစိတ်ထဲမှာမရှိတော့ဘူးပေါ့။ အဲဒီတော့ ဒီကောင်းတဲ့သတင်းပါဖို့ဆိုတာလည်း အရေးကြီးတယ်။ ပြီးတော့ ကောင်းတယ်ဆိုတာ တော်ရုံတန်ရုံ ရာသီဥတုကောင်းတယ်ဆိုတဲ့ သတင်းမျိုးမဟုတ်ဘူးပေါ့။ မြန်မာပြည်ရဲ့ Culture နဲ့ဆိုင်ပြီးတော့ မြန်မာပြည်က လက်ဖက်ရည်ဆိုင်ကို သွားသောက် သွားစားသင့်တယ်ပေါ့။ အဲဒီက လက်ဖက်ရည်ကို သွားသောက် ကြည့်သင့်တယ်ဆိုတာကိုပါထဲကကို ကျွန်တော်အဲဒါကို အဓိက ဂုဏ်ယူတာပေါ့။ အထူးသဖြင့် ဒီလိုစားသောက်ဆိုင်ဖွင့်လို့ရှိရင် လူတွေကအများကြီးပါတယ်။ အဲဒီတော့ ကျွန်တော်တို့ဝန်ထမ်းဆိုရင် ဒီမှာ ၁၅၀ လောက်ရှိတယ်။ ဒါပေမယ့် အဲဒီတော့ Forbes ထဲပါတာတို့ ဒီလို အင်တာဗျူးလုပ်နေတယ်ဆိုရင် ကျွန်တော်တစ်ယောက်တည်းပဲ လူတွေကမြင်ရတယ်။ အဲဒီတော့ လူတွေရဲ့စိတ်ထဲမှာ Rangoon Tea House ဆိုတာ ကိုထက်လုပ်တယ်။ Rangoon Tea House လုပ်တယ်ဆိုတာ ကိုထက်တစ်ယောက်တည်း ဖန်တီးပြီးလုပ်ခဲ့တာ။ ဒါပေမယ့် အမှန်တကယ် လူတွေကအများကြီးရှိတယ်။ အဲဒီတော့ ကျွန်တော်တစ်ယောက်ရဲ့ Skill တစ်ခုတည်း ပြောတာထက်စာရင် အရေးကြီးတာ ဘာလဲဆိုရင် ဒီ Teamwork ရှိဖို့က အရမ်းအရေးကြီးတယ်။ ကျွန်တော်တို့ ဟင်းပွဲတစ်ခု ပြင်တာကအစ Service ဘယ်လိုလုပ်မလဲ၊ အကုန်လုံးကို ပေါင်းလိုက်ပြီးတော့မှ အဲဒီလိုမျိုးလူတွေက အသိအမှတ်ပြုတာပေါ့။ အဲဒီအချိန်မှာ ကျွန်တော့်အလုပ်က ဘာလဲဆိုတော့ ဒီ Idea တွေစဉ်းစားဖို့ တစ်ခုတည်းမဟုတ်ဘူး။ ဒါပေမယ့် လူတွေရဲ့ Skill တွေအားလုံးကို ပေါင်းပြီးတော့ ဒီ Teamwork နဲ့ Rangoon Tea House ဖြစ်လာဖို့ဆိုတာ ပိုပြီးတော့ အရေးကြီးတာပေါ့။     

ဒုတိယပိုင်းကို ဆက်လက်တင်ဆက်ပေးပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly