မိုင်းလား ထိန်းချုပ်နယ်မြေရှိ UWSA တပ်များ ပြန်လည် ဆုတ်ခွာလိုက်ပြီ

မိုင်းလား ထိန်းချုပ်နယ်မြေရှိ UWSA တပ်များ ပြန်လည် ဆုတ်ခွာလိုက်ပြီ
ဓာတ်ပုံ- ဦးညီရန်းဖေ့ဘုတ်

ချင်းမိုင်၊ မတ် ၁၀ ။             ။ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) မိုင်းလားဒေသမှ မတ်လ ၈ ရက်နေ့က နှစ်ဘက် ခေါင်းဆောင်များ သဘောတူညီမှုဖြင့် ပြန်လည် ဆုတ်ခွာပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“မနေ့က ကျနော်တို့ နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူညီမှုရလို့ ပြန်အပ်လိုက်တာပေါ့။ ကျနော် သတင်းထုတ်ပြန်တဲ့အတိုင်းပါပဲ။ အရင်တုန်းက တာဝန်ယူခဲ့တဲ့စခန်းတွေကတော့ အားလုံး   ပြန်အပ်လိုက်ပါပြီ။ အကုန်ဆုတ်ပါပြီ” ဟု ဝ အဖွဲ့၏ လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်ကတည်းက UWSA က ခရီးကြမ်း စစ်ရေးလေ့ကျင့်ခဲ့စဉ် ယာယီတာဝန်ယူခဲ့သော ကျူဆိုင်း တပ်စခန်းတို့အား လေ့ကျင့်ခြင်းအပြီး ညီနောင် မိုင်းလား အထူးဒေသ ၄ တပ်ဖွဲ့သို့ မတ်လ ၈ ရက်နေ့က NDAA ကို ပြန်လည် လွဲပြီး ဖြစ်ကြောင်း ဦးညီရန်းက သူ၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလက ကျိုင်းတုံ-မိုင်းလမ်းလမ်းမပေါ်ရှိ မိုင်းလား၏ တပ်စခန်းများကို ဝတပ်ဖွဲ့ အင်အားအလုံးအရင်းဖြင့် ရာက်ရှိလာကာ အနည်းဆုံး တပ်စခန်း ၄ ခုကို သိမ်းယူခဲ့သည်။

ထိုသို့ ဝ တပ်က သိမ်းယူခဲ့မှုနှင့် ပတ်သက်၍ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် ဝ အဖွဲ့တို့ ယမန်နှစ် ဒီဇင်ဘာလက တွေ့ဆုံ ဆွေးနွေး၍ ဝ တပ်များ ရုပ်သိမ်းရန် တိုက်တွန်းမှုကို ဝ ဘက်မှ သဘောတူခဲ့ပြီးနောက် ဝ ဘက်မှ တပ်စခန်း သုံးခုကို ရုပ်သိမ်းခဲ့ရာမှ ယခု တပ်ရင်း တခု ပြန်လည် ဆုတ်ပေးလိုက်ခြင်း ဖြစ်သည်။

မိုင်းလား၏ တပ်စခန်းများ အားလုံး လွှဲအပ်လိုက်ခြင်းနှင့် ပတ်သက်၍ မိုင်းလားအဖွဲမှ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags