ဘူးသီးတောင်မြို့နယ် ကျေးရွာတာဝန်ခံ ၁ ဦး ဝိုင်းရိုက်နှက်ခံရ၍ သေဆုံး

ဘူးသီးတောင်မြို့နယ် ကျေးရွာတာဝန်ခံ ၁ ဦး ဝိုင်းရိုက်နှက်ခံရ၍ သေဆုံး
 ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

မတ် ၁၀၊ ။               ။ ဘူးသီးတောင်မြို့နယ်၊ အထက်ကျွဲကြိုမော်ကျေးရွာအုပ်စု၊ ကာဒီကျေးရွာတာဝန်ခံ မာမောက် ဆော်လိမ်(ဘ)မောင်ဖူရ်မျာ (၃၀)နှစ်သည် မတ်လ ၉ရက်၊ ညပိုင်းတွင် လူ ၆ ဦးမှ တုတ်၊ ဓားများဖြင့် ၀ိုင်းဝန်း ခုတ်ရိုက်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ယနေ့ သတင်းထုတ်ပြန်သည်။

 ဖြစ်စဉ်မှာ ကာဒီကျေးရွာတာဝန်ခံ မာမောက်ဆော်လိမ်သည် မတ်လ ၉ရက် ည ၈နာရီခွဲတွင် ၄င်း၏နေအိမ်၌ ရှိနေစဉ် ကျေးရွာနေ မာမောက်အီနုစ် (ဘ)အော်လီဘူရှု (၃၂)နှစ်မှ ၄င်း၏ ဇနီးဖြစ်သူ မဆာနိုဝါဘေဂေါမ်အား ရွာသားများမှ ၀ိုင်းဝန်းရန်ရှာမှုကြောင့် ပြဿနာဖြစ်ပွားနေသဖြင့် လာရောက် ဖြေရှင်းပေးရန် ဖုန်းဖြင့် အကြောင်းကြားလာသည်ဟု သိရသည်။

ထို့ကြောင့် ကျေးရွာတာဝန်ခံ မာမောက်ဆော်လိမ်မှာ ဆယ်အိမ်မှူး အဘူလာရှိမ်း နှင့်အတူ ကာဒီကျေးရွာသို့ လိုက်သွားခဲ့ရာ ၁ နာရီကျော်ခန့်ကြာသည်အထိ နေအိမ်သို့ ပြန်လည်   ရောက်ရှိလာခြင်းမရှိခဲ့သဖြင့်  ၎င်း၏ ဖခင်ဖြစ်သူ မောင်ဖူရ်မျာ (ဘ)မျာဆောင်း (၅၅)နှစ်မှ သား ဖြစ်သူအား ရှာရန် ကာဒီကျေးရွာသို့ လိုက်သွားခဲ့သည်။

ထိုသို့လိုက်သွားခဲ့ရာ မာမောက်ဆော်လိမ်မှာ မာမောက်အီနုစ်၏ နေအိမ်ရှေ့ လမ်းဘေးတွင် ဖုန်းဖြင့် လှမ်းတိုင်ကြားသူ မာမောက်အီနုစ်(ဘ)အော်လီဘူရှု(၃၀)နှစ်၊ ဆယ်အိမ်မှူး အဘူလာရှိမ်း(ဘ)လာလူး (၂၂)နှစ်၊ အဒူရော်မာန် (ခ) ဘောဒီလာ(ဘ)ဂူရာမျာ (၂၂)နှစ်၊ ဒွေးလာ(ခ)အဒူလာ(ဘ) အဒူမော်ဇီ (၂၅)နှစ်၊ အဘူတာဟဲရ် (ဘ)ဂေါ်ဖူမျာ (၂၇)နှစ်၊ ကာလာ(ဘ)ဖော်လီအာမောက် (၄၂)နှစ်တို့ ၆ဦးမှ တုတ်/ဓားကိုယ်စီဖြင့် ခုတ်ရိုက်နေသည်ကို တွေ့မြင်ခဲ့ရ၍ မာမောက်ဆော်လိမ်၏ ဖခင် မောင်ဖူရ်မျာမှ အော်ဟစ်သည့်အခါ မာမောက် အီနုစ်ပါ ၆ဦးမှာ ရွာပြင် ဓနိတောထဲသို့ ထွက်ပြေးသွားကြကြောင်း သိရသည်။

 မာမောက်ဆော်လိမ်မှာ မာမောက်အီနုစ်ပါ ၆ဦးမှ တုတ်/ဓားများဖြင့် ၀ိုင်းဝန်းခုတ်ရိုက်မှုကြောင့် ရရှိသောဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ထုတ်ပြန်သည်။

တုတ်/ဓားများဖြင့် ၀ိုင်းဝန်းခုတ်ရိုက်သူ မာမောက်အီနုစ်ပါ ၆ ဦးအား သေဆုံးသူ၏ဖခင်က မတ်လ ၁၀ရက် ၊ မွန်းလွဲ ၁ နာရီခွဲတွင် ညောင်ချောင်းနယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ရာ နယ်မြေရဲစခန်းမှ (ပ)၆/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး သေဆုံးသူအား မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly