ဖေဖော်ဝါရီ နဲ့ မတ်လ နေ့ရက် ထပ်တူကျမှုက နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေမှာ ဘယ်လိုသက်ရောက်မှုရှိလဲ

ဖေဖော်ဝါရီ နဲ့ မတ်လ နေ့ရက် ထပ်တူကျမှုက နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေမှာ ဘယ်လိုသက်ရောက်မှုရှိလဲ

နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကိုနဲ့ တွေ့ဆုံခြင်း

၂၀၁၇ ခုနှစ်ရဲ့ ထူးခြားဖြစ်စဉ် အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးတော့ တင်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ဖေဖော်ဝါရီလ နဲ့ မတ်လ တို့ဟာ နေ့တွေရက်တွေ အကုန် ထပ်တူကျနေပါတယ်။ ဒီလို နေ့တွေရက်တွေ ထပ်တူကျနေတဲ့ အကြောင်းအရာရဲ့ အကျိုးဆက်တွေကို နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကိုနဲ့ သွားရောက်တွေ့ဆုံမေးမြန်းမှာပဲ ဖြစ်ပါတယ်။

စနေနေ့နံပါတဲ့ နိုင်ငံခေါင်းဆောင်တွေ ကျန်းမာရေးကြောင့် ရာထူးကနေ အနားယူဖို့ ၈၀ရာခိုင်နှုန်းကျော် အလားအလာရှိတယ်လို့ နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကိုက ခန့်မှန်းထားသလို စီးပွားရေးနဲ့ ပတ်သက်ပြီးတော့လည်း ဒီလိုပဲ လုံးလည်ချာလည်နဲ့သွားနေဦးမှာပဲလို့ ပြောထားတာတွေရှိပါတယ်။ အင်တာဗျူး အပြည့်အစုံကို ကြည့်ရအောင်ရှင်။

မေး - ၂၀၁၇ ခုနှစ်အတွင်းမှာ ထူးခြားဖြစ်စဉ်အနေနဲ့ ဖေဖော်ဝါရီလနဲ့ မတ်လတွေဟာ နေ့တွေ ရက်တွေ ထပ်တူကျနေတာကိုတွေ့ရပါတယ်။ ဒီလိုနေ့ရက်တွေ ထပ်တူကျနေခြင်းရဲ့ အကျိုးဆက်တွေက ဘာတွေဖြစ်နိုင်မလဲ။ သုံးသပ်ပေးပါဦးရှင့်။

ဖြေ - ဟုတ်ကဲ့ဗျ။ အဓိက ကတော့ ဒီဖေဖော်ဝါရီ နဲ့ မတ်လ နှစ်လ ထပ်တူကျနေတာကို တရုတ်တွေရဲ့ ပညာရပ် ဖုန်းရွှေပညာရပ်ပေါ့။ အဲဒီမှာ ဖေဖော်ဝါရီလ ထပ်တူကျတာ ဒီ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာ၊ စနေပေါ့။  ဒီကောင်တွေက တစ်လမှာ လေးရက်ပေါ့ အားလုံး သွားပြီးတော့ တူညီတဲ့အတွက်ကြောင့် ငွေအိတ်နှစ်လို့ သူကတော့ ပြောတာပေါ့။ ဒါကတော့ ဖုန်းရွှေအရ သူတို့က သတ်မှတ်တာပေါ့။ ပြီးတော့ ဖုန်းရွှေအရပဲ ၈၂၃ နှစ်မှာ တစ်ကြိမ်ဖြစ်တယ်လို့လည်း သတ်မှတ်ထားတာပေါ့။ ကျွန်တော်တို့ရဲ့ Astrology ပိုင်းဆိုင်ရာ နက္ခတ်သိပ္ပံပိုင်းဆိုင်ရာမှာတော့ ဒီလိုလတွေ ထပ်တူ ကျခြင်း မကျခြင်းကတော့ ကျွန်တော်တို့ ပညာရပ်အရတော့ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ မရှိဘူး။ ကျွန်တော်တို့ကကျတော့ ဂြိုလ်တွေရဲ့ နေ့စဉ်ရွေ့လျားပြောင်းလဲနေတဲ့ အခြေအနေကို တွက်ချက်သုံးသပ်ရတဲ့ ပညာရပ်ပေါ့။

မေး - အခု လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေပါတယ်ဆရာ။ မြန်မာနိုင်ငံရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီးတော့ ဆရာရဲ့ ပညာရပ်နဲ့ သုံးသပ်ပေးပါဦးရှင့်။

ဖြေ - ဒီမိုကရေစီအစိုးရ ဆိုတဲ့နေရာမှာတော့ Risk ယူရတာတွေ ကျွန်တော်တို့ များတယ်။ ကျွန်တော်တို့ နောက်ဆုံး ဥပမာ Proof ပြရမယ်ဆိုလို့ရှိရင် ဝန်ကြီးချုပ် ဦးနုလက်ထက်က ဒီမိုကရေစီနိုင်ငံအဖြစ်သွားတဲ့ နေရာမှာ Risk ယူရတာတွေဖြစ်ပြီးတော့ ကျွန်တော်တို့တိုင်းပြည် တပ်မတော်ရဲ့ အုပ်ချုပ်မှုကို ကျွန်တော်တို့ ပြန်ဖြစ်သွားတယ်ပေါ့။ ဒီဘက်မှာလည်း ဒီလိုတွေ ဖြစ်မလားဆိုတဲ့ မေးခွန်းမျိုးတွေ မကြာခဏ အမေးခံရပါတယ်။ ကျွန်တော်တို့ လူတစ်ယောက်ရဲ့ ဇာတာမှာ ကျွန်တော်တို့က ဇာတာခွင်တစ်ခုရဲ့ Influence လွှမ်းမိုးမှုက နှစ် ရ၀ နီးပါး ကျွန်တော်တို့ ရှိတယ်ပေါ့။ နှစ် ရ၀ နီးပါးရှိတော့ ၁၉၄၈ မှာ လွတ်လပ်ရေး ယူခဲ့တဲ့ မြန်မာပြည်ဟာလည်း ကျွန်တော်တို့ ၂၀၁၈ ပေါ့။ ၂၀၁၈ မှာတော့ သူ့ရဲ့ ဇာတာမှာ အပြည့်အဝ influence လွှမ်းမိုးတဲ့ အားကလျော့သွားပြီ။ လျော့သွားပြီဆိုတော့ ကျွန်တော်တို့က ဒီမိုကရေစီအနေနဲ့ပဲ  ကမ္ဘာမှာ မြန်မာဟာ ဆက်ပြီးတော့ နေနေမယ်။ ဒီလိုဖြစ်နေတဲ့ အနေအထားမှာ ကျွန်တော်တို့က  တပ်မတော်ကရော နိုင်ငံရေးကို ဝင်ပြီး မလွှမ်းမိုးဘူးလားဆိုတဲ့ဟာ ကျတော့လည်း လွှမ်းမိုးမယ့်ဟာကတော့ နှစ် ရ၀ ပြည့်ပြီးရင် တဖြည်းဖြည်းနဲ့ နည်းလာပြီ။ နည်းလာပြီဆိုတဲ့ နေရာမှာ တပ်မတော်က အရေးပေါ်အခြေအနေတစ်ခုခုကြောင့် တိုင်းပြည်ရဲ့ အာဏာကို သူ ယူရင်ယူလိုက်မယ်။ ဒါပေမယ့် အစိုးရ ပြန်ဖွဲ့တဲ့အချိန်မှာ သူပါချင်မှ ပါတော့မယ်။ ဒါမှမဟုတ်ရင် ထိုင်းမှာ ဖြစ်နေသလိုပေါ့။ တစ်နှစ်အတွင်း နှစ်နှစ်အတွင်းတွေ ရွေးကောက်ပွဲ ပြန်လုပ်ပေးတာတွေပေါ့။ ဒီလိုတွေတော့ ကျွန်တော်ဖြစ်လာနိုင်တယ်။ အရင်တုန်းကလို တပ်မတော်က နှစ်တွေအများကြီး ဆယ်စုနှစ်အများကြီး အုပ်ချုပ်တာမျိုးတွေတော့ ကျွန်တော်တို့ မရှိတော့ဘူး။

မေး - နက္ခတ်ဗေဒပညာရပ်အရ ၂၀၁၇ ခုနှစ်အတွင်းမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ရှိနိုင်မလားရှင့်။ အဲဒါလေးလည်း ဆရာ့ရဲ့ ပညာရပ်နဲ့ သုံးသပ်ပေးပါဦးရှင်။

ဖြေ - ကျွန်တော်တို့ရဲ့ မြန်မာပြည်လွတ်လပ်ရေး ဇာတာမှာပေါ့ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ပြောင်းလဲနိုင်တဲ့ ဂြိုလ်ရပ်တွေ တွေ့ရတယ်။ သွားတွေ့ရတော့ ဒီ အားကောင်းတာတော့ သြဂုတ်လနောက်ပိုင်းပေါ့။ ဂြိုလ်ရပ်တည်မှုအရ ပြောရမယ်ဆိုရင်တော့ နိုင်ငံ့အကြီးအကဲ အုပ်ချုပ်သူကို ကိုယ်စားပြုတဲ့  စနေဂြိုလ်ပေါ့။ စနေဂြိုလ်ပေါ်ကို ရာဟုဂြိုလ်က လာပြီးတော့ ဖုံးလွှမ်းတဲ့ ဥစ္စာပေါ့။ ကောဇာစနစ်အရ ရာဟုဂြိုလ် ဖုံးလွှမ်းတဲ့ ဖြစ်စဉ်တွေ ရှိတဲ့အတွက်ကြောင့် နိုင်ငံတော်ရဲ့ အမြင့်မားဆုံးခေါင်းဆောင် စနေနေ့နံပါတဲ့သူတွေရဲ့ ကျန်းမာရေးအရ အနားယူတာမျိုးတွေ၊ ကျန်းမာရေး အညံ့ဖြစ်တဲ့အတွက်ကြောင့် ရာထူးတာဝန်ကနေ တစ်ခြားတစ်ယောက်က တာဝန်ပြောင်းလွဲ ထမ်းရွက်တာမျိုးတွေ ဒါမျိုးတွေတော့ ဖြစ်ဖို့ အလားအလာ ၈၀ ရာခိုင်နှုန်းလောက် အထက်မှာ ကျွန်တော်တို့ရှိပါတယ်။

မေး - အနာဂါတ်မှာ မြန်မာနိုင်ငံရဲ့  စီးပွားရေးအခြေအနေကရော ဘယ်လိုမျိုးအခြေအနေတွေ ဖြစ်လာနိုင်ပါသလဲရှင့်။

ဖြေ - စီးပွားရေးမှာလည်း ကျွန်တော်တို့က ဒီလိုပါပဲ။ အိမ်နီးချင်းနိုင်ငံတွေကို ကျွန်တော်တို့ ပြိုင်မယ်ပေါ့။ အံတုကြမယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာပြည်ဇာတာက ဒါမျိုးတွေ အခွင့်အလမ်းမပေးထားဘူး။ မပေးထားဘူးဆိုတာက ကျွန်တော်တို့က ပြောရရင် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ လွပ်လပ်ရေးယူတဲ့အခါက လွတ်လပ်ရေးတည်တံ့ခိုင်မြဲဖို့အတွက်ပဲကောင်းတယ်။ ကျန်တဲ့ဟာတွေမှာ ကျွန်တော်တို့ အားနည်းထားတာတွေ ရှိတယ်။ ပြီးတော့ ဒီဘက်မှာ ၂၀၁၇ အောက်တိုဘာကျော်ပြီးရင် ကြာသာပတေးဂြိုလ်ရဲ့ ရာသီခွင်ပြောင်းလဲမှုပေါ့။ ဒါကလည်း တိုင်းပြည်မှာ ကျွန်တော်တို့ ဒီလောက် စီးပွားရေးပိုင်း Develope မဖြစ်နိုင်ဘူး။ နောက်ထပ် အနှစ်၃၀ ပြီးသွားရင်တောင် မြန်မာပြည်ဟာ ဘယ်အစိုးရတွေပဲပြောင်းပြောင်း တက်တက် ဘယ်နိုင်ငံတွေနဲ့ ရင်ဘောင်တန်းမယ်ပဲပြောပြော လိုက်လို့မရနိုင်ဘူး အိမ်နီးချင်းနိုင်ငံတွေကို..။ ပြောရရင်တော့ အိမ်နီးချင်းနိုင်ငံရဲ့ ဇာတာတွေကို မယှဉ်နိုင်ဘူးပေါ့။ ဥပမာ- ကျွန်တော်တို့ ယှဉ်ချင်တဲ့ ထိုင်း၊ ကျွန်တော်ယှဉ်ချင်တဲ့ စကာင်္ပူ..။ သူတို့နိုင်ငံတွေ တည်ထောင်ခဲ့တဲ့ ဇာတာတွေက ကျွန်တော်တို့ မယှဉ်နိုင်ဘူး။ မယှဉ်နိုင်တော့ သူတို့နိုင်ငံတွေရဲ့ ဇာတာကို ယှဉ်နိုင်ဖို့က ဇာတာခွင်အသစ်ပြန်မွေးဖွားပြီးမှပဲ စီးပွားရေးရော၊ နိုင်ငံရေးရော၊ အုပ်ချုပ်ရေးရော အဘက်ဘက်ကနေ ကျွန်တော်တို့က ကိုယ်လိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင်ရောက်အောင် ကြိုးစားမှသာ ကျွန်တော်တို့က စီးပွားရေးလည်း Develop ဖြစ်လာမယ်။၂၀၁၇ ထဲမှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးက ဒီလိုပဲ လုံးလည်ချာလည်နဲ့ ကျွန်တော်တို့ သွားနေဦးမှာပါပဲခင်ဗျ။

မေး - ဟုတ်ကဲ့ပါ။ နက္ခတ်ဗေဒပညာရပ်ဟာ လူထုအပေါ် ဘယ်လောက်ထိ လွှမ်းမိုးချုပ်ကိုင်နိုင်ပါမလဲ။ ဒီဘက်ခေတ်မှာပေါ့ ဆရာ။

ဖြေ - ဒါက ယုံကြည်သူလည်းရှိတယ်၊ မယုံကြည်သူလည်း ရှိတယ်ပေါ့နော်။ ဒါပေမယ့် သေချာပေါက် ပြောလို့ရတာကတော့ ဒီပညာရပ်က ကမ္ဘာသုံးပညာရပ်ပါ။ ကျွန်တော်တို့ မြန်မာပြည်မှာမှ ဗေဒင်တွေ၊ နက္ခတ်တွေကို ယုံကြည်စွဲလမ်းနေကြတာမဟုတ်ပါဘူး။ လူတွေကတော့ အရင်အစိုးရအဆက်ဆက်  ဗေဒင်တွေတွက်တယ်၊ ယတြာတွေ လုပ်တယ်၊ လွှမ်းမိုးမှုတွေရှိတယ်လို့ ပြောကြတယ်ပေါ့လေ။ ဒါပေမယ့် ကမ္ဘာမှာ အင်အားအကြီးဆုံးအမေရိကန်မှာလည်း သူ့ရဲ့ သမ္မတကနေအစ အစိုးရကို ဒီပညာရှင်တွေကပဲ အကြံဉာဏ်တွေပေးနေတာ။ ဥပမာ-အမေရိကန်တွေ စစ်တိုက်တယ်။ စစ်တိုက်တယ်ဆိုတဲ့နေရာမှာ ဒီတိုင်းချည်း စစ်တိုက်တဲ့ ယ နာရီပေါ့ ဘယ်အချိန် စစ်တိုက်ရမယ်ဆိုတဲ့ နာရီကို သူ့ဟာသူ စိတ်ထဲမှာ ထင်ရာ မြင်ရာတွေ ကျွန်တော်တို့ သတ်မှတ်တာမဟုတ်ဘူး။ ကျွန်တော်တို့ ဒီဘက် Astrologer တွေကပဲ သတ်မှတ်ပေးတယ်။ အဲဒီတော့ ဒီပညာရပ်နဲ့ ပတ်သက်ပြီးတော့ ပြောချင်တာကတော့ ယုံကြည်တဲ့သူတွေအနေနဲ့ကတော့ ဓါတ်မီးတစ်လက်ကို အမှောင်လမ်းခရီးကို သွားဖို့အတွက် ကိုင်ဆောင်သွားတာပေါ့။ မယုံကြည်တဲ့သူကလည်း သူ့ရဲ့ ခံယူချက်နဲ့သူပေါ့။ ယုံကြည်ဖို့ကိုလည်း ကျွန်တော်တို့က တိုက်တွန်းဖို့လည်း မရှိပါဘူး။ ကိုယ့်အယူအဆနဲ့ ကိုယ်ဖြစ်တဲ့အတွက်ကြောင့် ယုံကြည်ခြင်းမယုံကြည်ခြင်းထက် ဒီပညာရပ်ကတော့ ကျွန်တော်တို့ ဒါ ကမ္ဘာတည်နေသ၍ ကမ္ဘာကြီးမှာ ကျွန်တော်တို့ရှိနေမယ်။ နောက်တစ်ခုက အခုပြောတဲ့စကားက ပညာကို တအားကြီး ချီးမွမ်းပြောတဲ့ပုံစံမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဒီပညာရပ်တွေက ကမ္ဘာမှာ ဘုရားရှင် ပေါ်ထွန်းလာရင် သိနိုင်အောင် ၊ ဘယ်သူက ဘုရားဖြစ်မယ်ဆိုတာ ကျွန်တော်တို့က သိနိုင်အောင် ကျွန်တော်တို့ စျာန်ရ ရသေ့ကြီးတွေကနေ စပြီးတော့ အစဉ်အဆက် လက်ဆင့်ကမ်းခဲ့တဲ့ ပညာဖြစ်တဲ့အတွက်ကြောင့်မို့ တစ်နည်းအားဖြင့် ဘုရားပွင့်မပွင့်၊ ဘုရားရှင်က ဘယ်လို ပုဂ္ဂိုလ်မျိုးဖြစ်မဖြစ်ကို ကျွန်တော်တို့ ကြိုတင်ခန့်မှန်းရမယ့် ပညာဖြစ်တာကြောင့် ကျွန်တော်တို့က ဒါ ကမ္ဘာတည်သ၍ ဒီပညာရပ်ကတော့ ရှိနေဦးမှာပါပဲ။

မေး - ဟုတ်ကဲ့။ နက္ခတ်ဗေဒပညာရပ်နဲ့ ပတ်သက်ပြီး ဆရာ ဖြည့်စွက်ပြောပြချင်တဲ့ အကြောင်းအရာများရှိရင်လည်း သိပါရစေရှင်။

ဖြေ - ကျွန်တော်တို့ ဒီပညာရပ်နဲ့ ပတ်သက်ပြီး အချုပ်အနေနဲ့ ပြောရရင်တော့ တိုင်းပြည်မှာလည်း လက်ရှိဆောင်ရွက်နေတဲ့ အစိုးရအနေနဲ့ ကျွန်တော်တို့ ဒီဘက် ပညာရှင်တွေ သုံးသပ်တင်ပြတာလေးတွေကို သေချာစဉ်းစားပြီးတော့ ကိုယ် အစိုးရလည်းကောင်းမယ်။ ပြည်သူလည်းကောင်းမယ်၊ တိုင်းပြည်လည်း ကောင်းမယ်ဆိုရင် ဆောင်ရွက်သင့်တာလေးတွေ ဆောင်ရွက်ဖို့ ကျွန်တော် အကြံပြုချင်တယ်။ နောက်တစ်ခုကလည်း ဒီပညာရပ်နဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့က လူငယ်တွေကို ထပ်လောင်းပြီး အကြံပြုချင်တာပေါ့။ လူငယ်တွေက ဒီပညာရပ်ကို လေ့လာလိုက်စားတာ အားနည်းလာတယ်ပေါ့။ တချို့က ဒါဟာ ဗေဒင်ပညာ ၊ ဗေဒင်ပညာရှင်လို့ ထင်ကြတယ်။ တကယ်တမ်းကျတော့ ဗေဒင်ပညာရပ်မဟုတ်ဘူး။ ကျွန်တော်တို့က ဒါ သိပ္ပံနည်းကျသွားတဲ့ ပညာရပ်ပေါ့နော်။ စာတွေတော့အများကြီးဖတ်ရတယ်။ လူငယ်တွေမှာ ဒီပညာရပ်ကို လေ့လာလိုက်စားမှု အားနည်းနေတယ်။ အကိုတို့တုန်းက ၂၅နှစ်မှာ လေ့လာပေမယ့် ဒီခေတ် ၂၅ နှစ်မှာ လေ့လာတာနည်းလာတယ်။ မလေ့လာချင်ကြတော့ဘူးပေါ့။ အဲဒီတော့ ကြာလာရင် ဒါတွေက ပညာပျောက်သွားနိုင်တယ်ပေါ့။ အဲဒီတော့ လူငယ်တွေကိုလည်း ဒီပညာရပ်တွေ လေ့လာဖို့ အကြံပြုချင်ပါတယ်။ နောက်တစ်ခုကတော့ ပြည်သူတွေခန့်မှန်းတဲ့အခြေအနေပေါ့ ၂၀၁၇ မှာ မရောက်နိုင်သေးဘူး။ ဒါပေမယ့် ဒီမိုကရေစီစနစ် လက်ရှိမြန်မာနိုင်ငံမှာ ပြည့်ပြည့်ဝဝရရှိထားတဲ့ ဒီမိုကရေစီဟာလည်း နောင်အနာဂါတ်တွေမှာ မပျက်သုန်းနိုင်သေးပါဘူး။ ဒါပေမယ့် ၁၉၈၈ လို နီးစပ်တဲ့ ထူးခြားဖြစ်စဉ်တစ်ခုကတော့ ၂၀၁၉ စက်တင်ဘာမှာ ကျွန်တော်တို့ ၉ သုံးလုံးဆိုပြီးတော့ နာမည် Headline လေးပေးထားတာပေါ့။ အဲဒါလေးတစ်ခုကတော့ ကျွန်တော်တို့ ရှိတယ်။ ရှိတဲ့နေရာမှာလည်း တပ်မတော်အနေနဲ့ကတော့ ဘယ်လိုပဲ အခြေအနေဖြစ်ဖြစ်ပေါ့ ကျွန်တော်တို့ တိုင်းပြည်မှာ ကာလရှည်ကြီးအုပ်ချုပ်ဖို့  အခွင့်အလမ်းမရှိတော့ဘူး။

ဒီမိုကရေစီနိုင်ငံအနေနဲ့ပဲ မြန်မာပြည်ဟာဆက်ပြီး သွားဖို့ပဲရှိတယ်။ တိုင်းပြည်ဇာတာပြောင်းနိုင်ရင်တော့ မြန်မာနိုင်ငံဟာ အများကြီး တိုးတက်ပြောင်းလဲဖို့ရှိတယ်။

ဟုတ်ကဲ့ပါရှင်။ အခုလို သိလိုသမျှတွေကို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly