အပစ်ရပ်စာချုပ် အတွက် ဆွေးနွေးနေချိန် တပ်မတော်၏ ထိုးစစ်များသည် ယုံကြည်မှု ပျက်ပြားစေဟု UNFC ထုတ်ပြန်

အပစ်ရပ်စာချုပ် အတွက် ဆွေးနွေးနေချိန် တပ်မတော်၏ ထိုးစစ်များသည် ယုံကြည်မှု ပျက်ပြားစေဟု UNFC ထုတ်ပြန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်ရပ်စာချုပ် အတွက် တွေ့ဆုံ ဆွေးနွေးနေချိန်တွင် အစိုးရတပ်မတော်ဘက်မှ  ထိုးစစ်ဆင်ခြင်းသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးရရှိရန်အတွက် ယုံကြည်မှု ပျက်ပြားစေသဖြင့် ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် နှင့် နိုင်ငံတကာ အသိသက်သေများ ပါဝင်မှုကိုလည်း လက်တွေ့ဖော်ဆောင်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က တောင်းဆိုလိုက်သည်။

ဇူလိုင်  ၂၂ ရက်မှ ၂၄ ရက်ထိ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာနတွင် ပြုလုပ်ခဲ့သော SD နှင့် UPWC တို့  အပစ်ရပ် စာချုပ်မူကြမ်း ၈ ကြိမ်မြောက် ညှိနှိုင်း ဆွေးနွေးပွဲ အပေါ် အပြုသဘော ဆောင်သည့် ဆွေးနွေးပွဲတစ်ခုအဖြစ် မှတ်ယူကြောင်းလည်း ဇူလိုင် ၂၇ ရက်က ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်တွင် ပါဝင်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)တို့ ဆွေးနွေးပွဲ ကျင်းပနေချိန်တွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အစိုးရ တပ်မတော်၏ လက်တွေ့မြေပြင် ထိုးစစ်ဆင်မှုများသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရောက်ရှိရန်အတွက် အနှောက်အယှက် ပြုနေသကဲ့သို့ ဖြစ်နေပါသည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။

UNFC ၏ ဒုဥက္ကဋ္ဌ နိုင်ဟံသာက “တိုက်ပွဲက မရပ်စဲဘူး ဆိုရင် တဖက်က ယုံကြည်မှုကတော့ ဘယ်လိုမှ မရှိနိုင်ဘူး။ မရှိဘူးဆိုရင်တော့ စစ်ပွဲကတော့ ဒီလိုဘဲ ရှည်နေလိမ့်မယ်။ ဒါက စဉ်းစားစရာဘဲ။ တကယ်လို့ အာမခံချက် မရှိဘဲနဲ့ လက်မှတ်ထိုးတယ်ဆိုပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ် ဆိုရင်တော့ ဘာမှ အဓိပ္ပါယ်မရှိဘူး။ ရှေ့လဆန်းမှာသွားတဲ့အခါ အဆင်ပြေတယ် ဆိုရင်တော့ ဖြစ်မှာပေါ့”ဟု ပြောသည်။

မြန်မြန်ဆန်ဆန် အပစ်အခတ် ရပ်စဲစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ယခု ထုတ်ပြန်ချက်ကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှတဆင့် နိုင်ငံရေး ဆွေးနွေးပွဲဖြင့် တိုင်းပြည်၏ အခြေခံ နိုင်ငံရေးပြသနာ အရပ်ရပ်ကို ငြိမ်းချမ်းစွာ အဖြေရှာကြမည်ဟု ပြောဆိုနေသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ဖော်ဆောင်နိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအားလုံး ပါဝင် လက်မှတ် ရေးထိုးရေးကိုမူ အစိုးရဘက်မှ လက်မခံဘဲ အကြောင်းအမျိုးမျိုးပြကာ ငြင်းပယ်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအပေါ် ဝိုင်းဝန်း အထောက်အကူ ပြုပေးကြမည့် နိုင်ငံတကာ အသိသက်သေများအဖြစ် ပါဝင် လက်မှတ်ရေးထိုးရေးကိုလည်း ကန့်သတ်နေသည်ဟု ဆိုထားသည်။

နိုင်ဟံသာက “သူတို့ လက်မခံချင်လို့ တချို့အဖွဲ့တွေက အဖွဲ့ရဲ့ လက္ခဏာနဲ့ မပြည့်စုံဘူး။ တချို့အဖွဲ့တွေက ဘယ်လို တိုက်နေကြတယ် စသဖြင့်ပေါ့။ သူတို့ (အစိုးရ)ဘက်က နိုင်ငံတကာ သက်သေ မပါဝင်စေချင်ဘူးလေ။ အဲဒါမှာ အမှန်ကတော့ သဘောတူညီချက်ကို ပိုမိုခိုင်မာစေချင်တဲ့ကိစ္စဘဲလေ။ ဒါကို လက်မခံဘူး ဆိုရင်တော့ ဒါက သူတို့ နောက်ကွယ်မှာ မရိုးသားတဲ့သဘောဘာတွေ ရှိနေလဲတော့ မပြောတတ်ဘူးပေ့ါ”ဟု ပြောသည်။  

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေးကို ပျက်ပြားစေသော အစိုးရ၏ လက်ရှိ ထိုးစစ်ဆင်မှုများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ရပ်တန့်ပေးရန် လိုအပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်များ အားလုံးပါဝင် လက်မှတ်ရေးထိုးရေးနှင့် လုံလောက်သော နိုင်ငံတကာနှင့် ပြည်တွင်း အသိသက်သေများ ပါဝင် လက်မှတ်ရေးထိုးတို့ကို လက်တွေ့ဖော်ဆောင်နိုင်ရန်လည်း လေးနက်စွာ တောင်းဆိုလိုက်သည်။

စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက်လိုပါက အကြောင်းအမျိုးမျိုးပြ၍ ပြုလုပ်နေသော အစိုးရတပ်ဖွဲ့များ၏ လက်ရှိ မြေမြင်ထိုးစစ်ဆင်မှုများအားလုံးကို ခြွင်းချက်မရှိ ရပ်တန့်ပြီး စားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ အဖြေရှာရန် ထပ်မံ တိုက်တွန်းလိုက်သည်။

အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရေး၊ မရေးထိုးရေး ဆုံးဖြတ်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နှစ်ရက်ကြာ ကျင်းပနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly