NCA လက်မှတ်ထိုးထားသည့် RCSS နဲ့ တပ်မတော်ကြား တိုက်ပွဲများကို ရှမ်းပြည်နယ် JMC-S ဆွေးနွေးပွဲတွင် တင်ပြထား

NCA လက်မှတ်ထိုးထားသည့် RCSS နဲ့ တပ်မတော်ကြား တိုက်ပွဲများကို ရှမ်းပြည်နယ် JMC-S ဆွေးနွေးပွဲတွင် တင်ပြထား
(ဓာတ်ပုံ- JCMC)

ရန်ကုန် ၊ မတ်လ ၁၀ ။             ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA) နှင့် တပ်မတော်တို့အကြား ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကို မတ်​ ၉ရက်​က ကျင်းပသည့် ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S Shan) ၏ ပဥ္စမအကြိမ်အစည်းအဝေးတွင် တင်ပြထားသည်ဟု RCSS/SSA မှ ဗိုလ်မှူး စိုင်းဦးက မဇ္စျိမသို့ပြောဆိုသည်။

"ကျွန်တော်ဆွေးနွေးတယ်။ ဒါပေမယ့် တပ်ဘက်ကတော့ ဖြစ်တဲ့ကိစ္စကိုလေ ဘာမှပြန်မပြောဘူး။ ဒီတိုက်ပွဲဖြစ်တဲ့ကိစ္စကို ကျွန်တော်တို့ဘက်က တင်ပြထားတယ်" ဟု ဗိုလ်မှူးစိုင်းဦးက ဆိုသည်။

JMC-S အနေဖြင့် ယခင်ကာလများတွင် တိုက်ပွဲများ ဖြစ်ပွားပါက ၀င်ရောက်ညှိနှိုင်းပေးခြင်းမရှိပေမယ့်၊ တိုက်ပွဲများ ဖြစ်ပွားပါက JMC-S အနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးရန် ယခုတစ်ခေါက် ဆွေးနွေးပွဲတွင် တင်ပြထားသည်ဟု ၎င်းက ဆိုသည်။

RCSS နှင့် တပ်မတော်တို့အကြား တိုက်ခိုက်မှုများအဖြစ် ပြီးခဲ့သည့် မတ်လ ရ ရက်နေ့က သီပေါမြို့နယ်အတွင်းရှိ အုမ်မုကျေးရွာအုပ်စုအနီးတွင် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု RCSS ဘက်မှ အတည်ပြုပြောဆိုထားသည်။

NCA စာချုပ်ချုပ်ဆိုထားသည့် RCSS/SSA နှင့်တပ်မတော်တို့အကြား နယ်မြေသတ်မှတ်သည့် ကိစ္စရပ်များ မပြီးပြတ်သေးခြင်းကြောင့် တွေ့ဆုံပစ်ခတ်မှုများ ဖြစ်ပွားခြင်း ဖြစ်သည်ဟု JMC အလုပ်အဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောဆိုထားသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုထားသည့် အဖွဲ့(၈)ဖွဲ့ ရှိနေပြီး ယင်းအဖွဲ့များထဲတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) အဖွဲ့လည်းအပါအဝင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags