ရင်းနှီးမြုပ်နှံမှုများ ပိုမိုပြုလုပ်ရန် မျှော်မှန်းမှုနှင့် အတူအောင်မြင်နေဟု FMI ထုတ်ပြန်

ရင်းနှီးမြုပ်နှံမှုများ ပိုမိုပြုလုပ်ရန် မျှော်မှန်းမှုနှင့် အတူအောင်မြင်နေဟု FMI ထုတ်ပြန်

ကုမ္ပဏီအုပ်စုတစ်ခုအနေဖြင့် အစီရင်ခံမှုပြုလုပ်သော ပထမနှစ်တွင် First Myanmar Investment Co., Ltd (FMI) က စုစုပေါင်း အမြတ်ငွေ ကျပ် ၃၃ဒသမ၃ဘီလျံရရှိခဲ့ကြောင်း ကြေညာခဲ့ပြီး ယင်းပမာဏမှာ ယခင်တစ်နှစ်ကထက် ၁၉၉ ရာခိုင်နှုန်း တိုးမြင့်လာခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

FMI ၏ လက်ဖော်ကိုင်ဘက်များမှ ထည့်ဝင်မှုများ အပါအဝင် လုပ်ငန်းဆောင်ရွက်ချက်များမှ အမြတ်ငွေ ကျပ် ၁၃ ဒသမ ၇ဘီလျံမှာ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် အိမ်ခြံမြေလုပ်ငန်းကဏ္ဍများမှ ရလဒ်များကြောင့် ဖြစ်သည်ဟု ဆိုသည်။

အမြတ်ရသောနှစ်အတွင်း FMI သည် ၎င်း၏ရင်းနှီးမြုပ်နှံမှုများကို ကောင်းမွန်စွာ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ရာ ပိုမိုအားကောင်းသည့် နောက်ထပ်ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နိုင်ခဲ့သည်။ FMI သည် စတင်ကတည်းက ရှယ်ယာဝင်များသို့ အမြတ်ငွေများ ပေးအပ်နိုင်မှု မှတ်တမ်းကို ဆက်လက်ထိန်းထားနိုင်ခဲ့ရာ ရှယ်ယာတစ်ခုလျင် အမြတ်ငွေ ၁၂၀ကျပ်ရရှိခဲ့သည်ဟု ကြေညာခဲ့သည်။

FMI ၏ အနာဂတ်ရည်ရွယ်ချက်မှာ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ အိမ်ခြံမြေလုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဖြစ်သော်လည်း အခြားဆွဲဆောင်မှုရှိသော နယ်ပယ်များတွင်လည်း အသေးစားရင်းနှီးမြုပ်နှံမှုများ ဆက်လက်ပြုလုပ်သွားမည်ဆိုသည်။

ဘဏ္ဍာရေးကဏ္ဍအနေဖြင့် ရိုးမဘဏ်တွင် ရှယ်ယာ ၅၁ဒသမဝရာခိုင်နှုန်း ရှိနေပြီဖြစ်သည်ဟုလည်း FMI ကကြေညာခဲ့သည်။ ရိုးမဘဏ်သည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း အလွန်ကောင်းမွန်သော ရလဒ်များရရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပြီး အခွန်မဆောင်မီ အသားတင်အမြတ်ငွေမှာ ၃၆၃ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။ ရိုးမဘဏ်သည် ပြည်တွင်းနှင့် နိုင်ငံတကာမှ ဘဏ်လုပ်ငန်းကျွမ်းကျင်သူများကို ခန့်အပ်သည့် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံတွင် အားအကောင်းဆုံး စီမံခန့်ခွဲနိုင်သည့်အဖွဲ့များတွင် ပါဝင်နေပြီဟု ပြောကြားခဲ့သည်။

အိမ်ခြံမြေကဏ္ဍတွင် သန်လျင်စတားစီးတီးတွင် FMI ၏ ရင်းနှီးမြုပ်နှံမှုတွင် အောင်မြင်မှုဆက်လက်ရရှိနေခဲ့ပြီး Zone B ရှိ ယူနစ် ၉၃ ရာခိုင်နှုန်းမှာ ဘဏ္ဍာနှစ်ကုန်တွင် ရောင်းချပြီးဖြစ်သည်။ စတားစီးတီး အကောင်အထည်ဖော်မှု၏ အဆင့်အသစ် တစ်ခုဖြစ်သည့် Galaxy Towers ကို ဖေဖော်ဝါရီလက စတင်ခဲ့ပြီး သန့်ရှင်းစိမ်းလန်းသော မြစ်ကမ်းဘေးပတ်ဝန်းကျင်ရှိ နိုင်ငံတကာအဆင့်မီ တိုက်ခန်းများမှာ ဝယ်လိုအား အခိုင်အမာရှိနေသည်။

FMI သည် မြို့တော်တွင် ကုမ္ပဏီ၏ ပထမဆုံးအကောင်အထည်ဖော်လုပ်ငန်းဖြစ်သည့် KrisPLAZA Naypyitaw နှင့် ပတ်သက်သည့်အစီအစဉ်ကိုလည်း ကြေညာခဲ့သည်။ ထို့အပြင် ရန်ကုန်မြို့လယ်ရှိ Land Project တွင်ပါဝင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Meeyahta International Hotel တွင်လည်း ရှယ်ယာအသစ် ၂၀ ရာခိုင်နှုန်းပါဝင်သည်ဟု သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် Lippo Group နှင့် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်ကိုလည်း အပြီးသတ် သဘောတူ ထားပြီး ယခုအခါ Pun Hlaing Siloam Hospital (PHSH) ဟု အမည်သစ် ပြန်ပေးထားသော ဆေးရုံ၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ထားသည်။ PHSH သည် လွန်ခဲ့သည့်နှစ်အတွင်း ပြန်လည် အားသစ်လောင်းသည့် လုပ်ဆောင်မှုကြီးတစ်ခု ပြုလုပ်ခဲ့ပြီး ယခင်က ၉၅ ခုတင်သာရှိခဲ့ပြီး ယခုအခါ ၁၇၄ ကုတင်ရှိလာသည်။

ယင်းဆေးရုံက စက်ကိရိယာသစ်များ ဝယ်ယူခဲ့သည့်အပြင် ကိရိယာအစုံအလင်တပ်ဆင်ထားသော လူနာတင်ယာဉ်များဖြင့် နိုင်ငံတကာအဆင့်မီ ရက်သတ္တပတ်ပြည့် တနေ့ ၂၄နာရီ အရေးပေါ်ဋ္ဌာနကိုလည်း တည်ထောင်ခဲ့သည်။ ထို့အပြင် မိမိဆေးရုံတွင် သာ အလုပ်လုပ်ရမည့် အချိန်ပြည့် လခစားပုံစံ ဆရာဝန်များကိုလည်း ခန့်အပ်ကျင့်သုံးခဲ့သည်။ လက်ရှိ PHSH ဆေးရုံသည် လွယ်ကူချောမောအောင် ဆောင်ရွက်ပေးမှုတွင် နိုင်ငံတစ်ဝန်း ပထမ ဖြစ်ကာ ၁၀ နှစ်အတွင်း ဆေးရုံ ၂၀ အထိ ဖွင့်နိုင်ရန် မျှော်လင့်ထားသည်။

FMI သည် လေကြောင်း၊ နိုင်ငံခြားခရီးသွားလုပ်ငန်း၊ လက်လီလုပ်ငန်း၊ အထူးစီးပွားရေးဇုန်များနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ရင်းနှီးမြုပ်နှံမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ နိုင်ငံတစ်ဝန်း ကြွယ်ဝမှု မြင့်မားလာသည်နှင့် ယင်းကဏ္ဍများမှ ရလဒ်ကောင်းများ ဆက်လက်ပေါ်ထွက်လာမည်ဟု ကုမ္ပဏီက မျှော်လင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly