မကွေး၊ မြိုင်၊ မတ် ၁၀ ။ ။ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကျော်ရွာကျေးရွာ၌ လက်ရှိအသုံးပြုနေသောရေကန်အား ပြုပြင်ရန် ကျပ်သိန်း ၁၅၀ ခန့် လိုအပ်နေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင့်ထွေးက ပြောသည်။
" ဒီကန်ကို ပြုပြင်လိုက်မယ်ဆို အဆင်ပြေပါတယ်။ ရေက တောင်ခြေကယူထားတာဆိုတော့ မိုးတွင်းမှာ လာတယ်။ ကန်က မဆန့်တော့ အခက်တွေ့နေတာ"ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင့်ထွေးမှ မဇ္စျိမသို့ ပြောသည်။
ယခင်နှစ်ကလည်း အဆိုပါကျေးရွာ၌ ရေအခက်အခဲရှိခဲ့ပြီး ယခုနှစ် တစ်နှစ်ပတ်လုံး ရေလုံလောက်စွာရရှိရေးအတွက် ရေကန်အား တိုးချဲ့ပြုပြင်ရန် လိုအပ်ခြင်းဖြစ်သည်။
လက်ရှိအသုံးပြုနေသော ရေကန်ကို ရွာရှိအိမ်ခြေ ၅၁၀ ခန့်က အသုံးပြုနေပြီး ရာသီတုပူပြင်းမှုနှင့်ကန်စိမ့်ထွက်မှုကြောင့် ယခင်နှစ်များထက် ရေလျော့နည်းနေကြောင်း သိရသည်။
ယခုနှစ် မိုးအဝင်နောက်ကျပါက ၎င်းတို့ဒေသအတွက် ရေအခက်အခဲရှိနိုင်ကြောင်း ကျော်ရွာမှ ဒေသခံ ကိုဇော်လင်းက ပြောသည်။
ယခင်နှစ်ကလည်း ရေအခက်အခဲရှိခဲ့ပြီး ပခုက္ကူမှ စေတနာရှင်များ၊ မြိုင်မြို့ မီးသတ်ဦးစီးဌာနတို့မှ လာရောက်လှူဒါန်းခဲ့ပြီး ရေရှည်တွင် အဆင်မပြေခဲ့ကြောင်း ဒေသခံရွာသူရွာသားများက ဆိုသည်။
ကျော်ရွာ ရေကန်ကို ၂၀၁၂ခုနှစ်က ဂျပန်အစိုးရနှင့်ပြည်သူများ၏ ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရေကန်ပြုပြင်နိုင်ရေးအတွက် ကျော်ရွာကျေးရွာအုပ်ချုပ်ရေးမှူးဦးတင့်ထွေး၊ ဖုန်းနံပါတ် 09777754710 သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။