ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယ၌ စစ်လေယာဉ်များလေ့လာ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယ၌ စစ်လေယာဉ်များလေ့လာ

အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့သည် ဇူလိုင် ၂၆ ရက်တွင် အိန္ဒိယနိုင်ငံတောင်ပိုင်း Karnataka ပြည်နယ် မြို့တော် ဘန်ဂလိုမြို့ရှိ Hindustan Aeronautics Limited လေယာဉ် ကုမ္ပဏီဗဟိုရုံးသို့ သွားရောက်လေ့လာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် လေယာဉ်ထုတ်လုပ်ရေးစက်ရုံများအတွင်း ကုမ္ပဏီဥက္ကဌနှင့် ညွှန်ကြားရေးမှူးချုပ် လည်းဖြစ်သူ Mr. T Subara Raju နှင့်အတူ လေယာဉ်များနှင့် စက်ပစ္စည်းများအား လေ့လာကြသည်။
ယင်းနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့အား Hindustan Aeronautics Limited ၊ Bharat Electronic Limited ၊ Bharat Earth Movers Limited ၊ Larsen and Toubro Heavy Engineering ၊ TATA Advanced Systems Limited နှင့် Mahindra Defence Land Systems တို့မှ တာဝန်ရှိသူများက ၎င်းတို့ကုမ္ပဏီထုတ် ပစ္စည်းများအကြောင်း ရှင်းလင်းတင်ပြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့သည် အိန္ဒိယနိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးတွဲစစ်ဦးစီးချုပ်နှင့် အိန္ဒိယလေတပ် ဦးစီးချုပ်၏ ဖိတ်ကြားချက်အရ အိန္ဒိယသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသို့ ဒုတိယအကြိမ်မြောက် သွားရောက်သော ယခုခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး ၊ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ်တင်အောင်စန်း၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်မှူးချုပ်မောင်မောင်ကျော်တို့လည်း လိုက်ပါသွားသည်။

အိန္ဒိယနိုင်ငံအစိုးရ၊ တပ်မတော်မှ အဆင့်မြင့်အကြီးအကဲများနှင့် တွေ့ဆုံရန်ရှိပြီး နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးရန်ရှိပြီး အကြီးစားစက်မှုလက်မှုလုပ်ငန်းများကို လေ့လာကြမည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည်လည်း အိန္ဒိယသို့ ဇူလိုင် ဒုတိယပတ်ထဲ၌ သွားရောက်ခဲ့သေးပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၊ အိန္ဒိယဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံခဲ့သည်။

ဦးဝဏ္ဏမောင်လွင်ခရီးစဉ်အတွင်း ဇူလိုင် ၁၆ ရက်နေ့ရက်စွဲပါ ပူးတွဲထုတ်ပြန်ချက်၌ "အိန္ဒိယက မြန်မာတပ်မတော်အား ခေတ်မီလာစေရန် ကူညီမည်ဖြစ်ပြီး၊ ဒီမိုကရေစီအတွေ့အကြုံများဝေမျှရေး၊ သတင်းနည်းပညာကဏ္ဍ၊ သင်တန်းများ အပါအဝင် တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့ရေပိုင်နက်အား ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ကျွမ်းကျင်နည်းပညာရှင်များဖြင့် ခေတ်မီသော မြန်မာ့ရေတပ်ဖြစ်လာစေရေးတို့ ဆောင်ရွက်သွားမည်။" ဟု ဖော်ပြထားသည်။

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား သံတမန်နှင့် စစ်ဘက်ဆိုင်ရာဆက်ဆံရေးကို မြန်မာနိုင်ငံလွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၌ စတင်ခဲ့သဖြင့် သံတမန်နှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံမှု ၆၇ နှစ်ကျော်ရှိပြီဖြစ်သည်။
Ref; Myawady/ MOFA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly