အမတ်တွေ လွှတ်တော်နဲ့ အစိုးရကြား အပြန်အလှန်ထိန်းကျောင်းမှု မလုပ်နိုင်လို့ ဥက္ကဌ ဆူ

အမတ်တွေ လွှတ်တော်နဲ့ အစိုးရကြား အပြန်အလှန်ထိန်းကျောင်းမှု မလုပ်နိုင်လို့ ဥက္ကဌ ဆူ
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်အား လွှတ်တော်အတွင်းရှိ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(မတ်လ ၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ လွှတ်တော်နှင့် အစိုးရကြား အပြန်အလှန် ထိန်းကျောင်းမှု လုပ်ဆောင်နိုင်ခြင်းမရှိသည့်အပေါ် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော်အမတ်များကို မတ်လ ၉ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သတိပေးလိုက်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရေးဆွဲထုတ်ပြန်ထားသော ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်အား ပြည်ထောင်စုဝန်ကြီးဌာန အားလုံး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ အားလုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အားလုံး လိုက်နာကျင့်သုံးကြပါရန် ပြည်ထောင်စုအစိုးရအား
တိုက်တွန်းကြောင်းအဆိုအား လွှတ်တော်တွင် ဆွေးနွေးစဉ် ဦးဝင်းမြင့်က သတိပေးလိုက်ခြင်း ဖြစ်သည်။

ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသန်းစိုးအောင်က လွှတ်တော်သို့ တင်သွင်းသည့် အထက်ပါအဆိုအား လွှတ်တော်အမတ် ၁၄ဦးက ဆွေးနွေးကြခြင်းဖြစ်ပြီး တတိယမြောက် ဆွေးနွေးသူဖြစ်သည့် လေးမျက်နှာမြို့နယ် အမတ် ဦးဇော်မင်းသိန်းက ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိိုုက်နာရန် ရေးဆွဲထားသည့် လမ်းညွှန်သည် ကောင်းမွန်သည့် လမ်းညွှန်စာအုပ်ဖြစ်သည်ဟု ဆွေးနွေးခဲ့သည်။

အဆိုပါ လမ်းညွှန်သည် ပွင့်လင်းမြင်သာမှု ရှိစေရေးနှင့် အဂတိလိုက်စားမှုများနှင့် မသမာမှုများကို ကာကွယ်နိုင်ရန် ရေးဆွဲထားခြင်းဖြစ်သည်ဟု ဦးဇော်မင်းသိန်းက ဆိုသည်။

သို့သော် လက်တွေ့ မြေပြင်အခြေအနေတွင် လမ်းညွှန်စာအုပ်နှင့် လုံးဝကွဲလွဲနေကြောင်း ဦးဇော်မင်းသိန်းက ၎င်း၏ ဧရာဝတီတိုင်းအတွင်းရှိ အခြေအနေများနှင့် ဥပမာပေးပြီး လွှတ်တော်သို့ တင်ပြခဲ့သည်။

ဧရာဝတီတိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၅ရက်တွင် တင်ဒါစိစစ်ရေးအဖွဲ့ဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်သည့်ဈေးနှုန်းသည် ပေါက်ဈေးထက် နှစ်ဆခန့် မြင့်မားနေသည်ဟု ဦးဇော်မင်းသိန်းက ပြောသည်။

ပေပါခွံတစ်လုံး၏ လုပ်ငန်းခွင်အရောက် ပေါက်ဈေးသည် ကျပ်ငွေတစ်သောင်းခွဲခန့် ရှိနေချိန်တွင် တင်ဒါအောင်သည့် ဈေးနှုန်းမှာ ကျပ်ငွေ နှစ်သောင်းခွဲခန့် ဖြစ်နေခြင်း၊ ၈၀ဂရမ် ပီနံအိတ်တစ်လုံးလျှင် ကျပ်ငွေ ၁၅၀ခန့် ပေါက်ဈေးရှိချိန် တင်ဒါအောင်သည့် ဈေးနှုန်းမှာ ကျပ် ၃၈၀ခန့် ဖြစ်နေခြင်းနှင့် သဲတစ်ကျင်းလျှင် ကျပ်ငါးထောင်ခန့် ပေါက်ဈေးရှိချိန် တင်ဒါအောင်သည့် ဈေးနှုန်းမှာ ကျပ် ၂၃၀၀၀ခန့် ဖြစ်နေကြောင်း ဦးဇော်မင်းသိန်းက လွှတ်တော်တွင် Power Point ဖြင့် ချက်ကျလက်ကျ ဆွေးနွေးခဲ့သည်။

အဆိုပါ မြေပြင်အခြေအနေနှင့် ဈေးနှုန်းကွာဟခြင်းသည် တိုင်းပြည်ဘဏ္ဍာငွေ ကျပ်သိန်းထောင်ပေါင်းများစွာ ဆုံးရှုံးရပြီး “တင်ဒါဆွဲတဲ့သူနဲ့ ဌာနဆိုင်ရာများရဲ့ ကြားထဲမှာ ဘယ်လောက်တောင် ချိတ်ဆက်မှုတွေ ရှိနေလဲဆိုတာကို အံ့ဩဖွယ်ရာ တွေ့ရပါတယ်” ဟုလည်း ဦးဇော်မင်းသိန်းက ထောက်ပြခဲ့သည်။

ဦးဇော်မင်းသိန်း၏ ဆွေးနွေးမှုအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က “ကျွန်တော် အမြဲပြောတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေမှာ တာဝန်ရှိတယ်၊ ဖော်ထုတ်ရမယ်။ အဲ့ဒီလိုဖြစ်တဲ့အခါတုန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့တို့၊ နိုင်ငံတော်သမ္မတတို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဒီလိုအချက်အလက် မှန်မှန်ကန်ကန်နဲ့ ဘာလို့ မတင်ကြတာလဲ။ ဘာလို့ မတိုင်ကြတာလဲ။ Check and Balance(အပြန်အလှန်ထိန်းကျောင်းမှု)ဆိုတာ ဒါကို ပြောတာ” ဟု အစချီပြီး ပြောဆိုသည်။

အပြန်အလှန်ထိန်းကျောင်းခြင်းသည် ဝင်ရောက်စွက်ဖက်ခြင်းနှင့် မတူဘဲ လွှတ်တော်ဆိုင်ရာဥပဒေတွင်လည်း အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ စီမံကိန်းများတွင် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းနှင့် အလေးထား တိုင်ပင်ခွင့်ပြုထားကြောင်းလည်း လွှတ်တော်အမတ်များကို ဦးဝင်းမြင့်က ရှင်းပြသည်။

ဌာနဆိုင်ရာအစိုးရအဖွဲ့အစည်းများ၏ အဂတိလိုက်စားမှုအပါအဝင် မမှန်မကန်လုပ်ရပ်များအပေါ် တိုင်ကြားကြရန် လွှတ်တော်အမတ်များကို ဦးဝင်းမြင့်က သုံးကြိမ်ထက်မနည်း တိုက်တွန်း ပြောဆိုထားဖူးသည်။

သို့သော် တိုင်တန်းမှု၊ တင်ပြမှု တစ်စုံတစ်ရာ မလုပ်ကြဘဲ အဆိုတင်သွင်းမှသာ လွှတ်တော်အမတ်များက အသည်းအသန် ဝိုင်းဝန်းဆွေးနွေးကြမှုအပေါ်ကိုလည်း ဦးဝင်းမြင့်က အပြစ်တင်စကား ပြောသည်။

“သိပြီ၊ မြင်ပြီ၊ ကြားပြီဆိုရင် ဘာဖြစ်လို့ ငြိမ်နေတာလဲ။ အဲ့ဒီလိုသာ တစ်ဦးချင်း၊ တစ်ဦးချင်းက ငြိမ်နေမယ်ဆိုရင် ကျွန်တော်တို့ ရွှေ့ချင်တဲ့ အရွေ့ကို ရောက်မှာ မဟုတ်ဘူး” ဟု ဦးဝင်းမြင့်က ဆိုသည်။

“မြို့နယ်အားလုံး ၃၀၀ကျော်၊ ကျေးရွာပေါင်း ၆သောင်းကျော်။ ဘယ်သူမှ ထောင့်စေ့အောင် အကြားအမြင် ရမနေဘူး။ မသိဘူး။ အဲ့ဒါကြောင့်မို့လို့ ဒီ ကိုယ်စားလှယ်တွေကို ရွေးထားတာ။ ကိုယ့်မဲ့ဆန္ဒနယ်နဲ့ကိုယ် တာဝန်ရှိတယ်။ တာဝန်ရှိလို့ ရွေးထားတော့ ကြီးကြပ်ရမယ်၊ တည့်မတ်ရမယ်” ဟု လွှတ်တော်အမတ်များကို ဦးဝင်းမြင့်က ပြောသည်။

လွှတ်တော်အမတ်များအနေဖြင့် လုပ်ပိုင်ခွင့်နှင့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လည်း ဦးဝင်းမြင့်က သတိပေးခဲ့သေးသည်။

“ကိုယ်စားလှယ်တွေကို ရပိုင်ခွင့်နဲ့ အခွင့်အရေးလည်း ပေးထားတယ်။ ကိုယ်စားလှယ်တွေက ရပိုင်ခွင့်နဲ့ အခွင့်အရေးကို ယူမယ်ဆိုရင် ကိုယ့်လုပ်ပိုင်ခွင့်နဲ့ တာဝန်ကိုလည်း ကျေညက်အောင် လုပ်ဖို့တော့ လိုတယ်။ ဒါ ဥပဒေရဲ့ ပြဌာန်းချက်ပဲ။ ဒါကိုတော့ အားလုံး လေးစားလိုက်နာပေးပါ” ဟု ၎င်းက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly